ယခုသီတင်းပတ်အတွင်း ကျင်းပသည့် တောင်ပြုန်းပွဲတော်တွင် အရောင်အသွေး စုံလင်လှသော နတ်ကတော်များသည် သောက်စား၊ ကခုန်၊ မိန်းမောရင်း မြန်မာ့ရိုးရာ အယူဝါဒမှ ၁၁၁ ပါးသော နတ်မင်းများနှင့် ဆက်သွယ် ကပြခဲ့ကြသည်။
“သူတို့ကို အမှန်တကယ် ယုံကြည်ရင် သူတို့က ရောက်လာတာပါပဲ” ဟု အသက် ၃၅ နှစ်အရွယ် နတ်ကတော် ရွှေမိုးသက်ကျော်ကျော်က ပြောသည်။
“ယုံကြည်မှု ပိုနက်ရှိုင်းလေလေ၊ တောင်းဆုတွေ ပိုပြည့်လေလေပါပဲ။”
မန္တလေးမြို့၏ မြောက်ဘက်စွန်းတွင် တိုင်းပြည်တဝှမ်းမှ နတ်ကတော် ပေါင်းများစွာကို ဆွဲဆောင်ရာ တောင်ပြုန်းပွဲတော်ကြီးဆီသို့ မကြာသေးမီ နှစ်များအတွင်း မြန်မာ့ပြည်တွင်းစစ် ရိုက်ခတ်မှုများ ရောက်ရှိလာခဲ့သည်။
သို့သော် ယခုအခါ ရှေ့တန်းစစ်မျက်နှာစာများသည် အနည်းငယ် ဝေးကွာသွားခဲ့ပြီဖြစ်ရာ၊ လိင်တူချစ်သူဖြစ်မှုကို ပြစ်ဒဏ်ခတ်လေ့ရှိသည့် တိုင်းပြည်တွင် LGBTQ Pride ပွဲတော်အဖြစ် လူအများက သတ်မှတ်ထားသည့် ဤပွဲတော်အတွက် အသက်ရှူပေါက် ရရှိစေခဲ့သည်။
နတ်ကတော် အများစုမှာ LGBTQ များ သို့မဟုတ် လိင်အပြောင်းအလဲ ပြုလုပ်ထားသူများ ဖြစ်ကြပြီး၊ ၎င်းတို့ ပူးကပ်သည်ဟု ဆိုကြသော တန်ခိုးကြီး နတ်မင်းများကို လူပေါင်း ထောင်သောင်းများစွာက လာရောက် ပူဇော်ကန်တော့ကြသည့် တောင်ပြုန်းပွဲတော်တွင် ၎င်းတို့က ဗဟိုချက်အဖြစ် ပါဝင်နေကြသည်။


ဤဒေသကို စစ်ပွဲနယ်မြေအဖြစ် သတ်မှတ်ထားဆဲဖြစ်သည့် စစ်တပ်လိုလားသော ပြည်သူ့စစ်များ၏ စောင့်ကြည့်မှုအောက်တွင် လက်ဝတ်ရတနာ ရွှေထည်များ ဆင်မြန်းထားပြီး မိတ်ကပ်များဖြင့် တောက်ပနေသည့် နတ်ကတော်များသည် ကကြိုးတန်ဆာများဖြင့် ကပြပူဇော်ကြသည်။
အရက်သေစာ သောက်စားထားသည့် လူအုပ်ကြီးက အော်ဟစ်အားပေးကြပြီး နှင်းဆီပန်းများဖြင့် ပစ်ပေါက်ကာ၊ နတ်ပူးနေချိန်တွင် နတ်ကတော်များ၏ အဝတ်အစားများထဲသို့ ငွေစက္ကူအထပ်လိုက် ထည့်ပေးခြင်းနှင့် နှုတ်ခမ်းနီဆိုးထားသည့် နှုတ်ခမ်းများကြားသို့ ဆေးလိပ်မီးညှိပေးခြင်းများ ပြုလုပ်ကြသည်။
“နတ်မင်းတွေ ပူးကပ်လာရင် ကျနော့်ရင်ထဲမှာ အထူးပဲ အေးချမ်းတည်ငြိမ်သွားတယ်” ဟု ရွှေမိုးသက်ကျော်ကျော်က ပြောသည်။ “အဲဒီအချိန်ကျရင် အရာရာဟာ အလွန်ပဲ ချောမွေ့သွားပါတယ်။”
နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဗုဒ္ဓဘာသာ ထုံးတမ်းများနှင့်အတူ ယှဉ်တွဲ၍ ယနေ့ထက်ထိ တည်ရှိနေကြဆဲဖြစ်သည်။
၎င်းတို့၏ လိုအင်ဆန္ဒများ မပြည့်ဝပါက အငြိုးအတေးကြီးတတ်သော်လည်း ခရစ်ယာန် သူတော်စင်များနှင့် အလားတူအဖြစ် သတ်မှတ်ကြသည်။
နတ်ကတော်များမှာ ရုပ်လောကတွင် ၎င်းတို့၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။
တပတ်ရစ်ကား ရောင်းဝယ်ခြင်းကဲ့သို့ ကိုယ်ရေးကိုယ်တာ ကိစ္စများမှသည် မြန်မာပြည်သူ သန်း ၅၀ ခံစားနေရသည့် ပြည်တွင်းစစ်ကဲ့သို့ အရေးကိစ္စများအထိ နတ်များနှင့် မကင်းနိုင်ဟု ယူဆကြသည်။
“ကျနော်တို့ အရာအားလုံး ဆုံးရှုံးခဲ့ရတယ်၊ သူငယ်ချင်းတွေ၊ အိမ်၊ အနာဂတ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၃၅ နှစ်အရွယ် ပွဲတော်လာရောက်သူတစ်ဦးက ငိုကြွေးပြောဆိုသည်။
“ကျနော် လမ်းပျောက်နေလို့ ဒီကို ရောက်လာတာပါ၊ ပြန်နိုင်မယ့် လမ်းကြောင်းတခုကို ရှာဖို့ပါ” ဟု သူက ဆိုသည်။
၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကြောင့် စစ်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော စစ်ပွဲများ ကျယ်ပြန့်ကြီးမားလာခဲ့ပြီး ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သစ်များသည် စစ်တပ်၏ အာဏာသိမ်းမှုကို တော်လှန်ရန် စည်းရုံးလှုပ်ရှားခဲ့ကြသည်။
ပဋိပက္ခ သတင်းများကို စောင့်ကြည့်သည့် ACLED အဖွဲ့၏ အဆိုအရ အာဏာသိမ်းပြီးချိန်မှစ၍ ဘက်အသီးသီးမှ လူပေါင်း ၁၀၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု ခန့်မှန်းရသည်။
စစ်ပွဲနှင့် နီးကပ်မှုကြောင့် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင် ပွဲတော်ကို အကြီးအကျယ် လျှော့ချကျင်းပခဲ့ရပြီး၊ ၂၀၂၅ ခုနှစ်တွင် မန္တလေး၌ လူ ၄,၀၀၀ နီးပါး သေဆုံးခဲ့သည့် ပမာဏ ၇.၇ အဆင့်ရှိ ငလျင်ကြီးလည်း လှုပ်ခတ်ခဲ့သည်။
သို့သော် ပွဲတော်ရာသီ ရောက်ရှိလာပါက ဝမ်းနည်းပူဆွေးမှုများကို ကုစားပေးနိုင်မည်ဟု အာမခံကြောင်း ပန်းများ ရောင်းချသည့် အသက် ၅၀ အရွယ် ဒေါ်တင်တင်အေးက ပြောသည်။
“လူတိုင်းက သူတို့ လိုချင်တာကို ဆုတောင်းကြတာပါပဲ” ဟု သူက ဆိုသည်။ “ဘယ်လောက်ပဲ စိတ်ဆင်းရဲနေပါစေ၊ ဒီကို ရောက်လာရင် ပျော်သွားကြတာပါပဲ။”
စိတ်ဝိညာဉ် ကုထုံး
မန္တလေးနှင့် တိုက်ပွဲများ ဝေးကွာသွားသော်လည်း နတ်အများအပြားမှာ စစ်ပွဲကာလအတွက် ထိခိုက်လွယ်သော အဓိပ္ပာယ်များ ရှိနေဆဲဖြစ်သည်။
တရားဥပဒေ စိုးမိုးမှုကို ကိုယ်စားပြုသော နတ်များ၊ သစ္စာရှိမှု သို့မဟုတ် ရဲရင့်မှုအတွက် ပူဇော်ခံရသော စစ်သူကြီးနတ်များနှင့် အိမ်ကို စောင့်ရှောက်သည့် အိမ်စောင့်နတ်များ ရှိကြသည်။

တောင်ပြုန်းပွဲတော်သည် စေတီတော် တည်ထားရာတွင် အုတ်တချပ် လိုနေမှုကြောင့် ဘုရင်၏ ကွပ်မျက်ခြင်း ခံခဲ့ရသည်ဟု ယူဆရသည့် ညီနောင်နှစ်ပါး နတ်ကို ဗဟိုပြု ကျင်းပခြင်းဖြစ်သည်။
သို့သော် သောက်စားသူများနှင့် လောင်းကစားသမားများကို စောင့်ရှောက်သည့် မင်းကျော်စွာလည်း ရှိပြီး၊ ပွဲတော်လာသူများက နွေရာသီ အပူရှိန်ကြောင့် နွေးနေသည့် အရက်ပုလင်းများကို ဆက်သ၍ ပူဇော်ကြသည်။
နတ်ကတော် ဝင်းလှိုင်သည် နတ်မင်းနှင့် ဆက်သွယ်ပေးရန် ဝတ်ပြုဆုတောင်းသူများ၏ တောင်းဆိုမှုကို မကြာခဏ ခံရလေ့ရှိသည်။
သူ၏ ကူညီမှုဖြင့် တောင်ပြုန်းပွဲတော်တွင် ဆုတောင်း မပြည့်သူများပင် မြန်မာနိုင်ငံ၏ ကစဉ့်ကလျား အခြေအနေများမှ ခဏတာ ထွက်ပေါက် ရရှိနိုင်ပါသေးသည်။
“ကျနော်က လူတွေနဲ့ နတ်တွေကို သူတို့ လိုအပ်ချက်အတိုင်း ဆက်သွယ်ပေးတာပါ” ဟု အသက် ၆၅ နှစ်အရွယ် နတ်ကတော် ဝင်းလှိုင်က ပြောသည်။
“နတ်တွေဆိုတာ ဆေးဝါးတွေလိုပါပဲ၊ တပါးစီမှာ ကိုယ်ပိုင် စွမ်းအားတွေ ရှိကြတယ်” ဟု သူက ဆိုသည်။



