အဓိကဆန်စပါးထွက်ရာ ဧရာဝတီနှင့်စစ်ကိုင်းတိုင်းတို့၌ ရေကြီးရေလျှံမှုကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် အမျိုးအစားကိုလိုက်၍ ဆန်တအိတ်လျှင် ကျပ် ၆၀၀၀ မှ ကျပ် ၁သောင်းကျော်အထိ မြင့်လာကြောင်း သိရသည်။
ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ စပါးဝယ်ရန် ခက်ခဲလာခြင်း၊ ဆန်အဝင်နည်းလာခြင်း၊ စားသုံးသူများမှာ ရေဘေးစိုးရိမ်မှုကြောင့် ပုံမှန်ထက် ပိုမိုဝယ်ယူစုဆောင်းလာခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဘဲ ဆန်ဈေး မြင့်တက်လာခြင်းဖြစ်ကြောင်း ဆန်စပါးကုန်သည်များက ဆိုသည်။
ပုံမှန်အားဖြင့် ရန်ကုန် ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်သို့ နိုင်ငံတဝန်းမှ ဆန်နှင့်ဆန်ကွဲ တရက်လျှင် အိတ် ၃ သောင်းမှ ၇ သောင်းခန့်အထိ ဝင်လျက်ရှိသည်။
ရန်ကုန်မြို့ရှိ ဆန်ကုန်သည်တဦးက “ဈေးကွက်အခြေအနေက ရာသီဥတုကြောင့် စပါးဝယ်ရ ရှားတဲ့အပြင် အိမ်စားသမား တွေက စိုးရိမ်တော့ အရင်က တလကို တအိတ်ဝယ်တဲ့သူက အခုဆိုရင် နှစ်အိတ်၊ သုံးအိတ် တိုးဝယ်တော့ ဈေးကွက်က မြောက်လာတာပေါ့။ ဈေးကတော့ တော်တော်ကြီးကို တက်သွားတာ” ဟု ပြောသည်။
အာဏာသိမ်းအစိုးရ၏ ရန်ကုန်ကုန်စည်ဒိုင် သတ်မှတ်ဈေးမှာ ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၂၀၀,၀၀၀ မှ ၂၂၅,၀၀၀၊ ဧရာဝတီ ပေါ်ဆန်းမှာ ကျပ် ၁၅၀,၀၀၀ မှ ၁၇၃,၀၀၀ နှင့် ဆန်ကြမ်း တအိတ်လျှင် ကျပ် ၆၅,၀၀၀ မှ ၁၀၀,၀၀၀ ကျော်အထိ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ထားသည်။
သို့သော် သတ်မှတ်ဆန်ဈေးမှာ ပြင်ပဈေးကွက်မှ ဈေးနှုန်းများနှင့်ကိုက်ညီမှုမရှိကြောင်း ဆန်ကုန်သည်များက ဆိုသည်။
ပြင်ပဈေးကွက်၌ ဆန်အမျိုးအစားနှင့် အရည်အသွေးအပေါ် မူတည်၍ ဈေးနှုန်းကွာဟမှုများ ရှိနေသော်လည်း သတ်မှတ် ဈေးထက် ပိုမိုရောင်းချသည့် ကုန်သည်နှင့်လုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူမှုများ ရှိနေသဖြင့် ကုန်သည်များအနေဖြင့် ပြင်ပဈေးနှုန်းများကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခြင်းမရှိဘဲ ရောင်းသူနှင့် ဝယ်သူ သဘောတူညီသည့် ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်လုပ်နေရကြောင်း သိရသည်။
ဆန်လုပ်ငန်းရှင်တဦးက “ဒီအချိန်က ဖိအားအရမ်းများတယ်။ အစည်းအဝေးတွေ ခေါ်ထားတာလည်း ရှိနေတယ်။ အခု သူတို့ဘက်က ဈေးချတာတွေ၊ ဘာတွေ လုပ်ဖို့ရှိတယ်။ ဒါကြောင့် ဈေးနှုန်းတွေကို ပြောလို့မရဘူး။ အခုလထဲမှာပဲ အကြမ်း ဖျင်းဆိုရင် ဆန်ချောတအိတ်ကို ကျပ် ၆,၀၀၀ ကနေ ကျပ်သောင်းဂဏန်းအထိ ဈေးတက်သလို ဆန်ကြမ်းဆိုရင် ကျပ် ၃,၀၀၀ ကနေ ၆,၀၀၀ လောက်အထိ တက်တယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဆန်ကုန်သည်များနှင့် စက်ပိုင်ကုန်သည်အများစုမှာ ဈေးကွက်အခြေအနေကို စောင့်ကြည့်နေရသည့်အပြင် ဆန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ပတ်သက်၍ အာဏာသိမ်း အစိုးရဘက်က ထပ်မံ ထုတ်ပြန်လာနိုင်သည့် အခြေအနေများကိုလည်း စောင့်ကြည့်နေရကြောင်း ကုန်သည်များထံမှ သိရသည်။




