မြန်မာစစ်အုပ်စုသည် နိုင်ငံတောင်ဘက်စွန်းရှိ ရုရှား ကျောထောက်နောက်ခံပြု ထားဝယ် အထူးစီးပွားရေးဇုန် ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် တွန်းအားပေးနေချိန်တွင် ထိုနေရာ၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် ရုရှားကုမ္ပဏီများအတွက် ရှယ်ယာအများစု ရရှိရေးကို မော်စကိုဘက်က တောင်းဆိုနေကြောင်း ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
ဗုဒ္ဓဟူးနေ့က မော်စကိုမြို့တွင် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကို မြန်မာဘက်က ကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က တနင်္သာရီတိုင်းဒေသကြီး၏ မဟာဗျူဟာကျသော တည်နေရာကို ကိုးကား၍ အဆိုပါ အထူးစီးပွားရေးဇုန်၏ အလားအလာများကို ပြောဆိုခဲ့သည်။ ၎င်းက သဘာဝဓာတ်ငွေ့ရည် (LNG) စခန်း၊ ရေနံချက်စက်ရုံမှသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံ စီမံကိန်းများအထိ ရုရှားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး ယင်းတို့မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၏ “မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်မျိုးဝင်းကလည်း ရေနက်ဆိပ်ကမ်း၏ ပထဝီဝင် အားသာချက်များကို မြှောက်ပင့်ပြောဆိုခဲ့ပြီး သင်္ဘောများသည် မလက္ကာ ရေလက်ကြားကို ရှောင်ကွင်းနိုင်မည်ဖြစ်၍ ကုန်စည်ပို့ဆောင်ချိန် ၄ ရက်မှ ၆ ရက်အထိ လျှော့ချနိုင်မည်ဟု အလေးပေးပြောဆိုခဲ့သည်။ အဆိုပါ စီမံကိန်းသည် တောင်ပိုင်းစီးပွားရေး လမ်းကြောင်းမှတဆင့် ထိုင်းနှင့် ဗီယက်နမ်တို့သို့ တိုက်ရိုက် ချိတ်ဆက်ပေးမည်ဖြစ်ပြီး အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့အကြား ၂၄ နာရီပတ်လုံး ဝင်ထွက်သွားလာခွင့် ရရှိစေမည်ဟု ဆိုသည်။
အဆိုပါ ဖိုရမ်တွင် ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး မက္ကဆင် ရီရှက်နီးကော့ဗ် က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် ရုရှားကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှု အရင်းကျေကာလအတွင်း စီမံကိန်းများ၏ ရှယ်ယာ အများစုကို ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် အချက်တချက်အဖြစ် ထည့်သွင်းဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန်၏ အစီအစဉ်များတွင် ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံတို့ ပါဝင်ပြီး ရုရှားဘက်က ပါဝင်ရန် သဘောတူ၊ မတူ ဆိုသည့်အချက်တွင် ရှယ်ယာ အများစု ပိုင်ဆိုင်ခွင့်သည် အရေးပါသော အချက်တချက်ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်းဌာန Interfax က ဖော်ပြခဲ့သည်။




