ဗစ်တိုရီးယား ဟိုင်ဒါးတစ်ယောက် ကျောင်းသုံးပုံနှိပ်စာအုပ် စက်ရုံရဲ့ ပျက်စီးကျိုးကြေသွားတဲ့ အကြွင်းအကျန်တွေကို လိုက်လံကြည့်ရှုနေပါတယ်။ ဒီပုံနှိပ်စက်ရုံဟာ လာမယ့်စာသင်နှစ်သစ် အတွက် လိုအပ်တဲ့ ပြဋ္ဌာန်းစာအုပ်တွေကို အလျင်အမြန် ပုံနှိပ်ထုတ်လုပ်နေသင့်တဲ့ အချိန်ဖြစ်ပါတယ်။
ကိယက်ဗ်မြို့အစွန်မှာရှိတဲ့ အဲဒီစက်ရုံ ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရမှုမတိုင်ခင်အထိ ယူကရိန်းနိုင်ငံရဲ့ ကျောင်းသုံးစာအုပ် စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ စာအုပ် ၁.၃ သန်းကို ထုတ်လုပ်ဖြန့်ချိဖို့အတွက် ထုတ်လုပ်မှုတွေ အရှိန်မြှင့်ထုတ်လုပ်နေတာပါ။
မီးလောင်ပြင်ထဲက ပြာပုံထဲမှာ အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းစာအုပ်တစ်အုပ်ရဲ့ မီးလောင်ကျွမ်းသွားတဲ့ စာမျက်နှာတစ်ရွက်ကို တွေ့ရပါတယ်။
“ကျွန်တော့်နာမည် ဝီလျံပါ။ ကျွန်တော်က ယူကေကလာတာပါ။ ကျွန်တော့်အဘွားက နော့တင်ဟမ်မှာ နေပါတယ်။ အဲဒီမြို့က အရမ်းလှပါတယ်” လို့ ရေးထားပါတယ်။
ယူကရိန်းနိုင်ငံတဝန်းမှာရှိတဲ့ ပုံနှိပ်စက်ရုံတွေနဲ့ ထုတ်ဝေရေးဂိုဒေါင်တွေကို ရုရှားက မကြာသေးခင်က ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့အတွက် စာအုပ်ပေါင်း ၁၂ သန်း ဆုံးရှုံးခဲ့ရသလို ယူကရိန်းရဲ့ တခြားသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အခုနှစ် ယူကရိန်းမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ယူကရိန်း သတင်းမီဒီယာတွေက ဆိုပါတယ်။
ဒီကိယက်ဗ် ပုံနှိပ်စက်ရုံကနေ ဘာစာအုပ်မှ အဖတ်ဆယ်လို့ မရခဲ့ပါဘူး။ မီးဒဏ်ကနေ လွတ်ခဲ့တဲ့ စာရွက်တွေ စာအုပ်တွေကလည်း မီးငြှိမ်းသတ်တဲ့ ရေတွေ ဒါမှမဟုတ် ပြိုကျလာတဲ့ ခေါင်မိုးအပိုင်းအစတွေကြောင့် ပျက်စီးသွားခဲ့ရပါတယ်။
“ဒါဟာ ရုရှားရဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုလို့ ကျွန်မ ယုံကြည်ပါတယ်”လို့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီ ကွန်ဗီ ရဲ့ စီးပွားရေးဒါရိုက်တာ ဟိုင်ဒါးက ပြောပါတယ်။




