ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို မြန်မာက မိသားစုတွေဆီ တရားဝင်ငွေလမ်းကြောင်းကနေ ငွေလွှဲပို့ဖို့ နေပြည်တော်က ပိုတင်းကျပ်လာနေပါတယ်။ ဒီအတွက် အလုပ်အကိုင်အေဂျင်စီတွေနဲ့ ပြည်ပရောက်လုပ်သားတွေကို ဖိအားပေးနေတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းက ပြောပါတယ်။
ပြည်ပရောက်လုပ်သားတွေ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလမ်းကြောင်းကနေလွှဲဖို့နဲ့ လွှဲတာ ပျက်ကွက်ရင် အရေးယူတာတွေ လုပ်မယ်လို့ စစ်ကောင်စီလက်ထက် ၂၀၂၄ ခုနှစ်မှာ အလုပ်သမားဝန်ကြီးဌာနကနေ အမိန့်ထုတ်ခဲ့ပါတယ်။
၂၀၂၆ နှစ်ဝက်အထိ ၂ နှစ်အတွင်း နေပြည်တော်က တင်းကျပ်မှုတွေကို တစ်ရစ်ချင်း ပိုတိုးပြီး လုပ်လာနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းက ပြောဆိုလာကြပါတယ်။
အဓိက နိုင်ငံခြားငွေရလမ်းကြောင်း တစ်ခုဖြစ်တဲ့ ပြည်ပလုပ်သားတွေရဲ့လုပ်ခလစာ ပြည်တွင်းထဲပြန်စီးဝင်ဖို့ အေဂျင်စီနဲ့ လုပ်သားတွေကို နေပြည်တော်က ဘယ်လိုထိန်းချုပ်တင်းကျပ်နေလဲ။


အေဂျင်စီတွေကို စ သုံးလုံးက နေပြည်တော်အထိ ခေါ်စစ်
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို ဩဂုတ်လ ဒုတိယပတ်အတွင်း ခေါ်ယူစစ်ဆေးခဲ့တယ်လို့ အေဂျင်စီတစ်ခုက ဘီဘီစီကို ပြောပါတယ်။
စစ်ဆေးခံရသူတွေဟာ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရဲ့ ထိုင်းအလုပ်အကိုင်ရှာဖွေရေးကော်မတီ ခေါင်းဆောင်နဲ့ အေဂျင်စီ ၈ ခု ပါဝင်ပါတယ်။ အေဂျင်စီတာဝန်ရှိသူတွေကို တစ်ဦးချင်း သီးခြားစစ်ဆေးခဲ့တယ်လို့ သိရှိရပါတယ်။
စစ်ဆေးမှုဟာ သုံးရက်ကြာခဲ့ပြီး အဓိကမေးမြန်းတာက ပြည်ပရောက်လုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလမ်းကြောင်းကနေ လွှဲပို့ထားခြင်း ရှိ၊ မရှိ ဖြစ်ပါတယ်။
“အလုပ်သမားတွေကရော လွှဲလား၊ လွှဲရင် အေဂျင်စီက ဘာလို့ မသိရတာလဲ။ အဓိကကတော့ လုပ်ခ ၂၅ ရာခိုင်နှုန်းကို အေဂျင်စီဘက်က ဘာလို့တောင်းမရလဲ၊ လစာငွေပမာဏတွေနဲ့ အခွန်ကိစ္စတွေအသေးစိတ် မေးတာပေါ့” လို့ သူက ပြောပါတယ်။




