ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ မနက်စောစောမှာ ဆူဒစ်ပ်တို ဘတ္တချာရာ ဟာ ဇနီးဆီကနေ နောက်ဆုံး မက်ဆေ့တွေ လက်ခံရရှိခဲ့ပါတယ်။
မနက် ၇နာရီ ၅၇ မိနစ်မှာ ဇနီးသည်ရဲ့နိုင်ငံကူးလက်မှတ်ထဲက ထွက်ခွာခွင့်တံဆိပ် ရိုက်နှိပ်ထားတဲ့ ဓာတ်ပုံတစ်ပုံ သူ့ဆီမှာ လက်ခံရရှိပြီး နီပေါနယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်းကိစ္စ ပြီးသွားပြီဆိုတဲ့သဘောဖြစ်ပါတယ်။
နောက် ခြောက်မိနစ်အကြာ၊ မနက် ၈နာရီ ၃ မိနစ်မှာတော့ “ကျွန်မတို့ တရုတ်ပြည်ထဲဝင်ဖို့ စောင့်နေပါတယ်” လို့ ရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီနောက်တော့ မက်ဆေ့အဝင်တွေ ရပ်သွားခဲ့ပါတယ်။
ဆုဘရာရှရီ ချက်ကရာဘော်တီနဲ့ ခရီးသွားအဖွဲ့ဟာ ဘုရားဖူးခရီးစဉ် နောက်တစ်ဆင့်အနေနဲ့ တိဗက်ထဲကို ဝင်ဖို့ စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ဟိန္ဒူနတ်ဘုရား သီဝရဲ့သန့်ရှင်းမြင့်မြတ်တဲ့ ဟိမဝန္တာတောင်တန်းဒေသက ကိုင်လာရှ်တောင်ကို သွားရောက်တာဖြစ်ပြီး ဆုဘရာရှရီဟာ အဲဒီနေရာကို သွားဖို့ အရင် နှစ်တော်တော်ကြာကတည်းက အိပ်မက်မက်ခဲ့သူပါ။
အသက် ၄၃ နှစ်အရွယ် ဆုဘရာရှရီဟာ အခုအခါ တိဗက်နဲ့ နီပေါနယ်စပ်တလျှောက် ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုမှာ ပျောက်ဆုံးနေတယ်လို့ သတင်းပို့ခံထားရတဲ့ အိန္ဒိယနိုင်ငံသား အနည်းဆုံး အယောက် ၂၉၀ ဦးထဲက တစ်ယောက် ဖြစ်ပါတယ်။
အခုလိုပျောက်ဆုံးစာရင်းဝင် အများအပြားဟာ ဒီဘုရားဖူးခရီးစဉ်မှာ ပါဝင်နေသူတွေ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံအကြား တင်းမာမှုတွေကြောင့် ရပ်နားခဲ့ရတဲ့ ဒီခရီးစဉ်ကို မနှစ်ကမှ ပြန်စခဲ့တာ ဖြစ်ပါတယ်။




