ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် တရားမဝင်ဆောက်လုပ်ပြီး လူနေထိုင်ခွင့် (BCC) မကျသေးသော ကန်ထရိုက်တိုက် အလုံး ၃၀ ကျော်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ချိပ်ပိတ်ပြီးနောက် အခြားသော မြို့နယ်များရှိ တရားမဝင် ဆောက်လုပ်နေသည့် ကန်ထရိုက်တိုက်များကိုပါ အရေးယူမှုများ ပြုလုပ်လာနိုင်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံက သိရသည်။
အဓိကအားဖြင့် မြောက်ဒဂုံ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ အစရှိသည့် မြို့နယ်များရှိ တရားဝင် BCC မကျသေးဘဲ ဆောက်လုပ်နေသည့် ကန်ထရိုက်တိုက်များမှာ တရားစွဲဆိုခံရနိုင်ခြေရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းနှင့် နီးစပ်သည့် စမ်းချောင်း ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
“ဒီမြို့နယ်တွေက ဟော့ဖြစ်နေတာပေါ့။ ဒဂုံဘက်တွေက နဂိုထဲကလည်း မြေဈေးတွေကကောင်းတော့ တရားမဝင်တွေ များတယ်။ အခု အဲဒီမြို့နယ်တွေမှာ ဆောက်လုပ်စ တရားမဝင်တဲ့ တိုက်တွေ ဆိုရင် စည်ပင်ကစပြီး တရားစွဲမယ်လို့ ကြားတယ်။ မဆောက်ရသေးတဲ့ဟာဆိုရင် တဆင့်ပြီးတဆင့် သွားခိုင်းတာရှိတယ်”ဟု ၎င်းက ပြောသည်။
ယခုဩဂုတ်လဆန်းပိုင်းတွင် ရန်ကုန် စမ်းချောင်းမြို့နယ်တွင် ဆောက်လုပ်နေသည့် ကန်ထရိုက် လုပ်ငန်းရှင်နှင့် မြေရှင်တို့ ပြဿနာတက်၍ တိုင်ကြားရာမှ မြို့နယ်အတွင်းရှိ တခြားတိုက်များကို စစ်ဆေးရင်း တိုက်အလုံး ၃၀ ကျော်မှာ လိုအပ်သည့်စာရွက်စာတမ်းများ မပြည့်စုံဘဲ တရားမဝင် ဆောက်လုပ်ထားပြီး BCC မကျသည့်တိုက်များကို တွေ့ရှိရသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ချိပ်ပိတ်မှုများ ပြုလုပ်ခဲ့သည်။
ထိုတိုင်ကြားချက်မှာ အထက်သို့ရောက်ရှိပြီးနောက် ရန်ကုန်မြို့ရှိ အခြားသော မြို့နယ်များမှာပါ တရားမဝင် ဆောက်လုပ်နေသည့် ကန်ထရိုက်တိုက်များကိုပါ အရေးယူမည့် အခြေအနေများ ရှိလာခြင်း ဖြစ်သည်။




