ရုရှား-မြန်မာ-ဘယ်လာရုစ် လက်နက်ဆက်ဆံရေးကို ကျော်လွန်လာပြီလား

ကရင်မလင်နဲ့ မင့်စ်မှာ ပူတင်၊ လူကာရှန်ကိုတို့နဲ့ အတူ ဖက်လှဲတကင်းဖြစ်နေတာကို ဦးမင်းအောင်လှိုင်က နိုင်ငံတကာကို ပြချင်ခဲ့

ဦးမင်းအောင်လှိုင် သမ္မတဖြစ်ပြီးတဲ့နောက် သူ့မိတ်ဆွေတွေဖြစ်တဲ့ ရုရှားနဲ့ ဘယ်လာရုစ်ကို မပျက်မကွက် သွားလည်ခဲ့ပါတယ်။

သူ့ရဲ့တရား၀င်မှုအတွက် ကရင်မလင်နဲ့ မင့်စ်မှာ ပူတင်၊ လူကာရှန်ကိုတို့နဲ့အတူ ဖက်လှဲတကင်းဖြစ်နေတာကို ဦးမင်းအောင်လှိုင်က နိုင်ငံတကာကို ပြချင်ခဲ့တာပါ။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ဒီနှစ်နိုင်ငံက မြန်မာကို လက်နက်တင်ပို့တဲ့ထိပ်တန်းသုံးနိုင်ငံစာရင်းမှာပါနေတယ်လို့ ရုရှားနဲ့ ဘယ်လာရုစ်ကို ခရီးစဥ်ကို လိုက်ပါဖူးတဲ့ စစ်တပ်အရာရှိတစ်ဦးက ပြောပါတယ်။

“လက်နက်အရောင်းအဝယ်ကတော့ တရားဝင်ထုတ်ပြန်ချက်တွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခရီးစဥ်တိုင်းမှာတော့ မပါမဖြစ်ပါ” လို့ သူက ပြောပါတယ်။

စျေးအပြိုင်ရောင်းတဲ့နိုင်ငံ့ခေါင်းဆောင်တွေ

ဦးမင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဥ်ကို လေ့လာကြည့်ရင် သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ရောင်းချနေကြတာကို တွေ့ရပါတယ်။

လက်နက်၊ နျူကလီးယားစွမ်းအင်ကစလို့ သဘာဝဓာတ်ငွေ့အလယ် သနပ်ခါးနဲ့ တီးမစ်အဆုံး ရောင်းကုန်စာရင်းထဲပါပါတယ်။

ဦးမင်းအောင်လှိုင်က MAI လေယာဥ်ပေါ်မှာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေကို တင်ခေါ်သွားခဲ့ပြီး ရုရှားနဲ့ ဘယ်လာရုစ်က စီးပွားရေးဖိုရမ်တွေမှာ မြန်မာပြည်က အချမ်းသာဆုံးစာရင်းဝင်တွေကို တွေ့ရပါတယ်။

ဒါပေမဲ့ ပူတင်၊ လူကာရှန်ကိုတို့ရဲ့ရောင်းချင်စိတ်ကလည်း ဦးမင်းအောင်လှိုင်ထက်တော့ လျော့မနေပါဘူး။

Your Ad Here
Ad Size: 336x280 px

Share this article