ကချင်ပြည်နယ်အတွင်းသား/ငါးနှင့် ဥစားသုံးမှုလုံလောက်ဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် တစ်နာရီ ၅ တန်ကျ အစာစပ်စက်ရုံနှင့် တစ်လလျှင် ကြက်သားပေါက် အကောင်ရေ ၂ သိန်းထုတ်နိုင်မည့် သားဖောက်စက်ရုံတည်ဆောက်နေကြောင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ စက်ရုံတည်ဆောက်မှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးမှုဖြင့် KT ကုမ္ပဏီကမြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက် လီဆူကွင်းအတွင်းရှိ မြေဧရိယာ ၂ ဒသမ ၅၀ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စက်ရုံများတည်ဆောက်ပြီးစီးပါက အစာစပ်စက်ရုံအနေဖြင့် ကြက်၊ နွားနှင့် ငါးစသည်တို့အတွက် တိရစ္ဆာန်အစာတောင့် တစ်နာရီလျှင် ၅ တန်ဖြင့် တစ်ရက်အလုပ်ချိန် ၈ နာရီအတွက် တန် ၄၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တိရစ္ဆာန်အစာမှုန့်ကို တစ်နာရီလျှင် ၁၀ တန်ဖြင့် တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် တန် ၈၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
အလားတူ ကြက်သားဖောက်စက်ရုံတည်ဆောက် ပြီးစီးပါက ကနဦးအနေဖြင့် မန္တလေးနှင့် စစ်ကိုင်းမှ မျိုးကြက်ဥများကို သယ်ဆောင်၍ တစ်လလျှင် ကြက်သားပေါက် ကောင်ရေ ရှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မော်ဖောင်းကျေးရွာအတွင်း မျိုးကြက်ခြံတည်ဆောက်ပြီးပါက ကိုယ်ပိုင်မျိုးကြက်ခြံမှတစ်ဆင့် ကြက်ဥများဖြင့် ဖောက်လုပ်ပါက တစ်လလျှင် ကြက်သားပေါက် နှစ်သိန်းကျော်ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။
Photo – MOI






