ကျောက်ကပ်ရောဂါရှိသူတွေမှာ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကို သင့်တော်စွာစားသုံးပေးခြင်းကို ဆေးဝါးကုသမှုနဲ့ နှိုင်းယှဉ်ရာမှာ ဆေးရုံတက်ရောက်ရမှုနဲ့ အရေးပေါ်ကုသမှုခံယူရမှုတွေကို လျှော့ချနိုင်ကြောင်း ၁၀ နှစ်ကြာ လေ့လာမှုက ဖော်ပြထားတယ်လို့ သိရပါတယ်။
အဲဒီလေ့လာမှု၌ နာတာရှည်ကျောက်ကပ်ရောဂါအဆင့် ၃ ရှိကာ ခန္ဓာကိုယ်မှာအက်စစ်ဓာတ်များနေတဲ့ အရွယ်ရောက်ပြီးသူ ၁၀၈ ဦးကို အုပ်စု ၃ စုခွဲပြီးလေ့လာခဲ့တာဖြစ်ပြီး အုပ်စု ၁ စုကိုတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ကျွေးမွေးခဲ့ကာ နောက်တစ်စုကို ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ဆေးပေးကာ ကျန်အုပ်စုကို ပုံမှန်ကုသမှုခံယူစေခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ၁၀ နှစ်တာလေ့လာမှုအတွင်း အသီးအနှံနဲ့ဟင်းသီးဟင်းရွက်စားသုံးတဲ့ အုပ်စုမှာ ဆေးရုံတက်ရောက်မှု ၁၄ ကြိမ်နဲ့ အရေးပေါ်ဌာနသို့ သွားရောက်ကုသရမှုအကြိမ် ၂၀ သာရှိပါတယ်။
ပုံမှန်ကုသမှုခံယူတဲ့အုပ်စုမှာတော့ ဆေးရုံတက်ရောက်မှု ၆၄ ကြိမ်နဲ့အရေးပေါ်ကုသမှု ၈၈ ကြိမ်ရှိခဲ့ပြီး အသီးအနှံစားသုံးတဲ့အုပ်စုမှာ ကျောက်ကပ်ဆေးကြောကုသမှုလိုအပ်သူ ၄ ဦးသာရှိခဲ့ကာ ပုံမှန်ကုသမှုအုပ်စု၌ ၁၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
Photo- MWD






