[latest_news_marquee]

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက် ကော်မတီဖွဲ့ထား

ဟံသာဝတီ လေဆိပ်စီမံကိန်းအတွက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ဦးဆောင်ကော်မတီကို ဒုတိယသမ္မတဦးညိုစောက  ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်စွဲနဲ့ ဖြန့်ချိထားတဲ့  မြန်မာနိုင်ငံပြန်တမ်းအတွဲ (၇၉)၊ အမှတ် (၄၂) မှာ ဖော်ပြထားတာဖြစ်ပြီး အဆိုပါ ကော်မတီဖွဲ့စည်းတဲ့ အမိန့်ကို နိုင်ငံတော် သမ္မတရုံးမှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ယခုဖွဲ့စည်းလိုက်တဲ့ ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတဦးညိုစော၊ အတွင်းရေးမှူးအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တာဝန်ယူထားပြီး တွဲဖက်အတွင်းရေးမှူးအဖြစ် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူထားပါတယ်။

ထို့အတူ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ထားပါတယ်။

ယင်း ကော်မတီအနေနဲ့ နိုင်ငံတော် စီမံကိန်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အမျိုးသားအဆင့် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းကို နှောင့်နှေးမှုမရှိဘဲ အောင်မြင်စွာ စတင်အကောက်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများချမှတ်ပေးခြင်းတို့ကို ဆောင်ရွက်ရမယ်လို့ သိရပါတယ်။

ထို့အတူ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကို ဆောင်ရွက်ရမယ့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဘဏ္ဍာငွေခွဲဝေမှု၊ ခရီးသည်ခွဲဝေမှု၊ ငွေစာရင်းတွက်ချက်မှု၊ စစ်ဆေးမှုတို့အတွက် မူဝါဒချမှတ်ခြင်း၊ Concession ကာလနှင့် ပတ်သက်သည့် မူဝါဒများချမှတ်ပေးခြင်း၊ စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ၏ တိုးတက်မှုတွေကို စောင့်ကြည့်ကြပ်မတ်ခြင်း၊ ဦးဆောင်ကော်မတီအစည်းအဝေးအား လိုအပ်ချိန်တွင် ကျင်းပနိုင်ရေး လမ်းညွှန်ပေးခြင်းနှင့် လုပ်ငန်းကော်မတီအား ဖွဲ့စည်းပေးခြင်းတို့ကို ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ခရီးသည် ၁၂ သန်းအထိ ဝန်ဆောင်မှုပေးဖို့ ရည်မှန်းထားတဲ့ ဒီစီမံကိန်းအတွက် ၂၀၁၃ ခုနှစ်က တင်ဒါခေါ်ယူမှုမှာ Incheon Airport Consortium ကို ရွေးချယ်ခဲ့ပေမဲ့ ညှိနှိုင်းမှုတွေမှာ အဆင်မပြေခဲ့ဘဲ ၂၀၁၄ ခုနှစ် ဒုတိယအကြိမ် တင်ဒါခေါ်ယူမှုမှာ Yongnam-CAPE-JGC Consortium က ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သို့သော် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ဂျပန်နိုင်ငံ JGC Corporation၊ စင်္ကာပူYongnam Holdings နဲ့ နိုင်ငံတကာချန်ဂီလေဆိပ်အဖွဲ့ တို့ပါဝင်တဲ့ JGC- Yangnam- Changi Airport International Consortium နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းကို ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့အကြား G to G ‌ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစွဲသွားဖို့လည်း သဘောတူခဲ့ကြတယ်လို့ ယခင်မှတ်တမ်းတွေအရ သိရပါတယ်။

Photos- Internet

Your Ad Here
Ad Size: 336x280 px

More News