ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တိုကို ကလေးငယ်များ စွဲလန်းစေရန် ပြုလုပ်ခြင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ လှည့်ဖြားခြင်းနှင့် ကလေးများ၏ ကိုယ်ရေးအချက်အလက်များကို မလျော်ကန်စွာ စုဆောင်းခြင်းတိုအတွက် အမေရိကန်ပြည်နယ်များ၏ တရားစွဲဆိုမှုကို ဖြေရှင်းရန် Meta ကုမ္ပဏီက စံချိန်တင် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ ဘီလီယံအထိ ပေးလျော်ရန် သဘောတူညီလိုက်ကြောင်း သိရပါတယ်။
Meta သည် လျော်ကြေးပေးရန် သဘောတူခဲ့သည့်အပြင် အမေရိကန်တစ်နိုင်ငံလုံးရှိ လူငယ်အသုံးပြုသူများ အတွက် နေ့စဉ်အသုံးပြုချိန်ကန့်သတ်ပေးခြင်းနှင့် ညဘက်တွင် အသုံးပြုခွင့်ပိတ်ပင်ခြင်းများကို ဆောင်ရွက်သွားရမှာဖြစ်ပြီး ယခုဖြစ်စဉ်သည် အမှုကျေအေးရန် သဘောတူလိုက်ခြင်းသာဖြစ်ပြီး ၎င်းတို့တွင် အမှားအယွင်းမရှိကြောင်း Meta တည်ထောင်သူ မတ်ဇူကာဘက်က ပြောကြားထားပါတယ်။
အမေရိကန်ပြည်နယ် ၂၉ ခုနှင့် အခြားအဖွဲအစည်းများက Meta သည် မိဘများ၏ သဘောတူညီချက်မပါဘဲ ကလေးငယ်များ၏ ဒေတာများကို စုဆောင်းကာ AI မော်ဒယ်များ လေ့ကျင့်ရာတွင် အသုံးပြုခြင်းကြောင့် ကလေးသူငယ် စိတ်ကျန်းမာရေး အကျပ်အတည်းကိုဖြစ်ပေါ်စေကြောင်း စွပ်စွဲ၍ တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့ လည်း သိရပါတယ်။
အမေရိကန်နိုင်ငံတွင် Meta အပြင် Snapchat ၊ YouTube နှင့် TikTok တိုသည်လည်း ကလေးများနှင့် လူငယ်များကို စွဲလန်းစေသည့် အကြောင်းပြချက်များဖြင့် စိတ်ကျန်းမာရေး ထိခိုက်စေသည်ဟုဆိုကာ စွဲဆိုထားသော သောင်းနှင့်ချီသည့် တရားစွဲဆိုမှုများကို ဖက်ဒရယ်နှင့် ပြည်နယ်တရားရုံးများတွင် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။






