ဆီးချိုရောဂါ ကုသဆေး၂ မျိုးအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုးအား သုတေသနပြု စမ်းသပ်အောင်မြင်ခဲ့ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်း (Myanmar Pharmaceutical Factory – MPF) သုတေသနဌာနမှ သိရပါတယ်။
အဆိုပါ ဆေးဝါးအမျိုးအစားသစ် ၆ မျိုးမှာ ဆီးချိုရောဂါကုသဆေးနှစ်မျိုး၊ အိတ်ချ်အိုင်ဗွီ (HIV) ရောဂါ ကုသဆေးတစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါ ကုသဆေးတစ်မျိုး၊ ကင်ဆာရောဂါကုသဆေးတစ်မျိုးနှင့် မေ့ဆေးတစ်မျိုးတို့ဖြစ်ပြီး အောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်မှ ယနေ့အချိန်အထိ သုတေသနဌာနသည် ဆေးဝါးအမျိုးအစား ၆၆ မျိုးကို အောင်မြင်စွာစမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီး ယခုတီထွင်မှုများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ရရှိရုံသာမက ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ခဲ့၍ ပြည်တွင်းထုတ်လုပ်မှုကို အားကောင်းစေပြီး ပြည်ပမှတင်သွင်းမှုအပေါ်မှီခိုမှုကို လျှော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။
ထိုဆေးဝါးအမယ်သစ် ၆ မျိုးအား သုတေသနပြု စမ်းသပ်အောင်မြင်ခဲ့သော ပညာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သုတေသနဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား၌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ ယခုလိုစမ်းသပ်အောင်မြင်မှုသည် ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ စမ်းသပ်အောင်မြင်ခဲ့သော ဆေးဝါး ၆ မျိုးနှင့်ပတ်သက်သည့် ရောဂါဝေဒနာခံစားနေရသော လူနာများအတွက် ဘေးကင်းလုံခြုံပြီး အရည်အသွေးမြင့်၊ ချိုသာသောဈေးနှုန်းဖြင့် ဆေးဝါးများရရှိခြင်းသည် တန်ဖိုးဖြတ်၍မရသော အကျိုးကျေးဇူးတစ်ရပ်ဖြစ်ကြောင်း၊ ဆေးဝါးများကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ခြင်းကြောင့် မိမိတို့၏ ပြည်သူများသည် အချိန်မီ၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ယုံကြည်စိတ်ချရသော ကုသမှုကိုရရှိနိုင်မည်ဖြစ်ပြီး ပြည်ပဆေးဝါးများအပေါ် မှီခိုမှုကြောင့်ဖြစ်ပေါ်လေ့ရှိသော ငွေကြေးအခက်အခဲများကိုလည်း သက်သာစေနိုင်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမိုကောင်းမွန်သော ဆေးဝါးအမျိုးအစားသစ်များကို ဆက်လက်တီထွင်ထုတ်လုပ်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးအမယ်သစ် ၆ မျိုးကို အောင်မြင်စွာစမ်းသပ်ဆောင်ရွက်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ သုတေသနဌာနအတွင်း ဆေးဝါးအမယ်များ ထပ်မံထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။






