ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းကို ဩဂုတ် ၂၉ ရက်နေ့က ဖွင့်လှစ်ပြီး လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ ကုန်စစ်ဆေးရေးစခန်းကို ပြည်နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် တစ်သျှူးငှက်ပျော၊ ဖရဲ၊ ငရုတ်၊ ရာဘာစသည့် စိုက်ပျိုးရေးသီးနှံပို့ကုန်များနှင့် တဖက်နိုင်ငံမှ ခွင့်ပြုထားသည့် သွင်းကုန်များအား တရားဝင်ကုန်သွယ်မှုဖြင့် နိုင်ငံတော်အခွန်ငွေရရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေရေးအတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုကုန်စစ်ဆေးရေးစခန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်း ဖွင့်လှစ်ရခြင်းမှာ ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် တိရစ္ဆာန်အစာများ ပြတ်လပ်မှုမရှိစေရေးအတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့နောက် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ဌာနဆိုင်ရာအစုအဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုများနှင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် ကံပိုင်တည်-မြစ်ကြီးနား-မန္တလေးလမ်းကြောင်းနှင့် လွယ်ဂျယ်-ဗန်းမော်-မန္တလေးလမ်းကြောင်းများသည် ၂၀၂၄ ခုနှစ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ ယာယီပိတ်ထားခဲ့ရခြင်းဖြစ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာသို့ လမ်းညွှန်မှုခံယူ၍ ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရွှေမိုးတောင်ဘုရား မုခ်ဦး မြေနေရာတွင် ယာယီဖွင့်လှစ်ဆောင်ရွက်ခဲ့ရပြီး အဆိုပါ ကာလအတွင်း သွင်းကုန်/ ပို့ကုန်ယာဉ်အစီးရေ စုစုပေါင်း ၃,၆၂၄ စီးတွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၂ ဒဿမ ၅၄၇ သန်းကို ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါတယ်။






