ရန်ကုန်၌ Night Market နေရာများတိုးချဲ့ရန် စီစဉ်နေသလို ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် ဗိုလ်တထောင်ကမ်းနား နေရာအား Pilot Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
ဩဂုတ် ၂၆ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံပိုင် က “ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ပြည်သူများအတွက် Night Market နေရာများ တိုးချဲ့ဖော်ဆောင်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်း ဈေးကွက်ရှိပြီးသည့် နေရာများကို ဦးစားပေးပြီး စနစ်တကျ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းမှုအပေါ် ရခိုင်တိုင်းရင်းသား လူမှုရေးရာဝန်ကြီး ဦးနေမင်းထွန်းက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးနှင့် ပြည်သူများအတွက် Night Market နေရာများ တိုးချဲ့ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်း (Myanmar Tourism Marketing Association) က Pilot Project အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပွင့်လင်းရာသီ၏ ရုံးပိတ်ရက်များတွင် ခရီးသွားလုပ်ငန်း ဈေးကွက်ရှိပြီးဖြစ်သည့် ဗိုလ်တထောင်ဘုရားအနီး ဗိုလ်တထောင်ကမ်းနားနေရာအား စတင်အကောင်အထည်ဖော်ဆောင်ရွက် မှာဖြစ်တယ်လို့လည်း ဝန်ကြီး ပြောကြားခဲ့ပါတယ်။
ဆက်လက်၍လည်း ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလတံတားကြားရှိ သက်ဆိုင်ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံက သိုလှောင်ရုံဟောင်းများ ငှားရမ်းခွင့်ရရှိရေး ဆောင်ရွက်ပြီး ညဈေး (Night Market) များဖော်ဆောင်ရေးအတွက် အခြေခံလိုအပ်ချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဆက်စပ်ဌာနတို့နှင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လျာထားချက်ရှိတယ်လို့လည်း ဝန်ကြီးက ပြောကြားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေးနှင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှု မရှိစေရန်၊ သန့်ရှင်းသပ်ရပ်မှုနှင့် လုံခြုံမှုရှိစေရန် ၂၀၁၆ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျောက်တံတားမြို့နယ်၌ မဟာဗန္ဓုလလမ်း၊ ဘဏ်လမ်းနှင့် ပန်းဘဲတန်းလမ်းမ၊ လမ်းမတော်မြို့နယ်၊ အောင်ရတနာလမ်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်တွင် (၁၉) လမ်း ညဈေးတန်းကိုလည်း မြို့တော်အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဈေးရောင်းချနိုင်အောင် စီမံဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထပ်မံ၍ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကမ်းနား ညဈေး၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှေ့ ညဈေးတန်းတို့ကို ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
ထို့အတူ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာလမ်း၊ ဗဟန်းမြို့နယ် ပြည်သူ့ရင်ပြင် (Myanmar Culture Valley)၊ လမ်းမတော်မြို့နယ်ရှိ ဝါးတန်းဆိပ်ကမ်း၊ ဒေါပုံမြို့နယ်ရှိ ဒေါပုံတံတားဟောင်းတို့တွင် Night Market များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။






