Digital Smart မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်မှ ၂၈ ရက်ထိ လျှောက်ထားသူ ၉,၆၈၆ ဦး ရှိပြီဖြစ်တယ်လို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ လျှောက်လွှာများထဲမှ ဌာနမှ သတ်မှတ်ထားသော အချက်အလက်အထောက်အထားများ မပြည့်စုံခြင်း/မကိုက်ညီခြင်းတို့ကြောင့် လျှောက်လွှာ ၂,၄၈၂ စောင်ကို လျှောက်ထားသူများထံ ပြန်လည်အကြောင်းကြားပေးပိုခဲ့ပြီး ပြည့်စုံသော ဌာနမှ ဆောင်ရွက်ပေးရမည့် လျှောက်ထားမှု ၇,၂၀၄ စောင်အား ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ တပ်ဆင်ပြီးစီးမှုမှာ ၁,၃၃၁ လုံးဖြစ်ပြီး လျှောက်ထားသူများအား ဆက်လက်စိစစ်၍ Digital Smart Meter အသစ်များကို အမြန်ဆုံးတပ်ဆင်ပေးသွားမှာဖြစ်သလို Website မှတဆင့် လျှောက်ထားမှုစနစ်အရ ဝန်ဆောင်မှုကို လျင်မြန်စွာပေးနိုင်သဖြင့် လျှောက်ထားပြီး ၂၇ နာရီအတွင်း ပထမဆုံးမီတာကို စတင်တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် Digital Smart မီတာအသစ်များကို နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မယ်လို့ ဝန်ကြီးဌာနမှ ကြေညာထားပြီး ဖြစ်ပါတယ်။
ထိုသို့ လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ချက်ဖြင့် ကိုက်ညီသော လျှောက်လွှာများအတွက် သတ်မှတ်ကြေး ပေးသွင်းရာတွင် ကြီးကြပ်၊ မီးသွယ်၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားများသည် ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ပေးသွင်းရမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတဆင့် အသိပေးကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။







