ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေကြသည့် PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြန်လာရောက်ရာတွင် မြန်မာသံရုံးမှ ခွင့်ပြန်ထောက်ခံစာ ရယူရန် မလိုအပ်တော့ကြောင်း မြန်မာသံရုံး၊ လန်ဒန်မြို့က အောက်တိုဘာ ၁၉ ရက်နေ့က အသိပေးကြေညာခဲ့ပါတယ်။
ထို့ကြောင့် သတ်မှတ်ထားသည့် နိုင်ငံ ၄ နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် PJ ပတ်စ်ပို့ကိုင်ဆောင်သူများအနေဖြင့် ခရီးစဉ်မစတင်မီ သက်ဆိုင်ရာနိုင်ငံ၏ ထွက်ခွာခွင့်ဆိုင်ရာ စည်းမျဉ်းများ၊ လေကြောင်းလိုင်းလိုအပ်ချက်များနှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများကို သေချာစွာ သိရှိလိုပါက စုံစမ်းမေးမြန်းနိုင်ကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရပါတယ်။
အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာနိုင်ငံသို ခွင့်ဖြင့်ပြန်လည်ရောက်ရှိလာသည့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အလုပ်သမားများသည် ခွင့်ကာလပြီးဆုံး၍ ပြည်ပနိုင်ငံများသို့ ပြန်လည်ထွက်ခွာချိန်တွင် သတ်မှတ်ထားသည့် အထောက်အထားများကို မပျက်မကွက်တင်ပြရမည်ဖြစ်ပြီး ၎င်းအထောက်အထားများအနက် ယခင်ကြေညာထားသော အလုပ်ရှင်၏ခွင့်စာနှင့် သက်ဆိုင်ရာနိုင်ငံသံရုံး၏ ထောက်ခံချက်များတင်ပြရမည်ကို ကုန်ခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှစတင်၍ ဖြေလျှော့ပေးထားတယ်လို့လည်း သိရပါတယ်။
Photo – မြန်မာသံရုံး၊ လန်ဒန်






