[latest_news_marquee]

စွမ်းအင်သုံးစွဲမှု ပုံစံသစ်မှသည် နည်းပညာအခြေပြု စီးပွားရေး တိုးတက်မှုဆီသို့

ကီလိုဝပ်နာရီ ၁,၀၃၃ ဒသမ ၂ ဘီလီယံ (ယူနစ် ၁,၀၃၃ ဒသမ ၂ ဘီလီယံ) …..

ယနေ့ခေတ်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုပုံစံ အပြောင်းအလဲသည် စီးပွားရေးလည်ပတ်မှု၏ အရေးပါသော “တိုင်းတာမှုပြကိရိယာ” ဖြစ်လာသကဲ့သို့ စီးပွားရေး တက်ကြွမှုနှင့် ကြံ့ခိုင်မှုကိုလည်း ပြသနိုင်ပါသည်။

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ယူနစ် ဘီလီယံ ၁,၀၀၀ စံချိန်ကို ထပ်မံကျော်လွန်ခဲ့ပြီး အမြင့်ဆုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၁ ဒသမ ၅၆ ဘီလီယံ ကီလိုဝပ်အထိ စံချိန်တင် မြင့်တက်ခဲ့ကာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှုသည် ၂ လဆက်တိုက် ယူနစ် ဘီလီယံ ၁,၀၀၀ အထက်တွင် တည်ရှိနေပါသည်။

အမျိုးသား စွမ်းအင်ကော်မရှင်မှ ထုတ်ပြန်သော ဒေတာများအရ ဩဂုတ်လတွင် တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှုသည် ယခင်နှစ်ကာလတူထက် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ တိုင်ဖုန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှု စသည့် အချက်များကြောင့် လေအေးပေးစက် သုံးစွဲမှု သိသာစွာ လျော့ကျသွားပြီး မြို့ပြနှင့် ကျေးလက်နေပြည်သူများ၏ အိမ်သုံးလျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၄ ဒသမ ၀ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ (အလုပ်ရုံ/စီးပွားရေးလုပ်ငန်းများ) ဘက်တွင်မူ တိုးတက်မှု အားကောင်းနေဆဲ ဖြစ်ပါသည်။

ပထမ၊ ဒုတိယနှင့် တတိယ စက်မှု/ဝန်ဆောင်မှု ကဏ္ဍအားလုံးတွင် လျှပ်စစ်သုံးစွဲမှု ဆက်လက်မြင့်တက်ခဲ့ပြီး ထိုအထဲတွင် ဒုတိယကဏ္ဍ (စက်မှုလက်မှု) သည် လျှပ်စစ်အများဆုံးသုံးစွဲသည့် အဓိကကဏ္ဍ ဖြစ်နေဆဲဖြစ်ပြီး ကာလတူထက် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ စက်မှုလုပ်ငန်းသုံး လျှပ်စစ်တိုးတက်မှုမှာ ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

ထူးခြားသည်မှာ ဩဂုတ်လတွင် အဆင့်မြင့်နည်းပညာနှင့် စက်ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍ၏ လျှပ်စစ်သုံးစွဲမှုသည် ကီလိုဝပ်နာရီ ၁၂၂ ဒသမ ၂ ဘီလီယံအထိ ရှိခဲ့ပြီး ကာလတူထက် ၇ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ယင်းတိုးတက်မှုနှုန်းသည် စက်မှုလုပ်ငန်းစုစုပေါင်း၏ လျှပ်စစ်သုံးစွဲမှု တိုးတက်မှုနှုန်းထက် ၂ ဆကျော် ပိုမိုမြန်ဆန်နေခြင်း ဖြစ်ပါသည်။

အသေးစိတ် ကဏ္ဍအလိုက် ကြည့်ရှုပါက လျှပ်စစ်စက်ကိရိယာ ထုတ်လုပ်မှုတွင် ၁၂ ဒသမ ၃ ရာခိုင်နှုန်း၊ အထူးပြုစက်ပစ္စည်းများတွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ အထွေထွေစက်ပစ္စည်းများတွင် ၇ ဒသမ ၆ ရာခိုင်နှုန်း၊ မော်တော်ယာဉ်ထုတ်လုပ်မှုတွင် ၇ ဒသမ ၆ ရာခိုင်နှုန်း၊ ကွန်ပျူတာနှင့် ဆက်သွယ်ရေးတွင် ၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပြီး စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍ၏ လျှပ်စစ်သုံးစွဲမှုမှာမူ ၂၂ ဒသမ ၂ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကာ ဤအဆင့်မြင့် နည်းပညာအခြေပြု ကဏ္ဍများသည် တိုးတက်မှု၏ အဓိကမောင်းနှင်အား ဖြစ်လာနေပါသည်။

စီးပွါးရေးလည်ပတ်မှုကို တိုင်းတာသည့် အရေးပါသော တတိယကဏ္ဍ (ဝန်ဆောင်မှုလုပ်ငန်းများ) သည် ကဏ္ဍပေါင်းစုံတွင် လျှပ်စစ်သုံးစွဲမှု တိုးတက်မှုနှုန်း အမြန်ဆုံးကဏ္ဍ ဖြစ်လာခဲ့ပါသည်။ ဒေတာများအရ ဩဂုတ်လတွင် တတိယကဏ္ဍ၏ လျှပ်စစ်သုံးစွဲမှုသည် ကာလတူထက် ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ စုစုပေါင်း ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

ထိုအထဲတွင် လျှပ်စစ်ကား အားသွင်း/ဘက်ထရီလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် အင်တာနက် ဒေတာဝန်ဆောင်မှုလုပ်ငန်းတို့၏ ဩဂုတ်လ လျှပ်စစ်သုံးစွဲမှု တိုးတက်မှုနှုန်းမှာ ၅၁ ဒသမ ၂ ရာခိုင်နှုန်း နှင့် ၃၇ ဒသမ ၉ ရာခိုင်နှုန်း အထိ အသီးသီး အားကောင်းခဲ့ပါသည်။ ဤဒေတာနှစ်ခုသည် စွမ်းအင်သစ်မော်တော်ယာဉ်များ အလျင်အမြန် ခေတ်စားလာခြင်းနှင့် ဒီဂျစ်တယ်စီးပွားရေး တဟုန်ထိုး တိုးတက်လာခြင်းတို့၏ တိုက်ရိုက် ရောင်ပြန်ဟပ်မှု ဖြစ်ပါသည်။

စွမ်းအင်သစ်နှင့် ပြောင်းလဲလာသော အဟောင်းနှင့်အသစ် တိုးတက်မှု မောင်းနှင်အားများသည် လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ အခြေခံသဘောတရားကို ပြန်လည်ရေးဆွဲနေပါသည်။

အတိတ်က သံမဏိ၊ ဘိလပ်မြေနှင့် ဓာတုဗေဒ စက်ရုံများသည် လျှပ်စစ်အများဆုံးသုံးစွဲသည့် ကဏ္ဍများဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင် လျှပ်စစ်သုံးစွဲမှု တိုးတက်မှုအရှိန်သည် အဆင့်မြင့်နည်းပညာ ထုတ်လုပ်ရေး၊ ဒီဂျစ်တယ် အခြေခံအဆောက်အအုံများနှင့် စွမ်းအင်သစ် ဆက်စပ်ကဏ္ဍသစ်များထံမှ ပိုမိုရရှိလာနေပါသည်။

ဤအချက်ပြမှုမှာ ရှင်းလင်းပြီး မောင်းနှင်အားသစ်များသည် စက်မှုတိုးတက်မှု၏ အဓိကအင်ဂျင် ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။ အမျိုးသား စာရင်းအင်းဗျူရို၏ ဒေတာများကလည်း ထိုလားရာအတိုင်းပင် သက်သေပြနေပါသည်။ ဇန်နဝါရီမှ ဩဂုတ်လအထိ အဆင့်မြင့်နည်းပညာ ထုတ်လုပ်ရေးနှင့် ဒီဂျစ်တယ်ထုတ်ကုန် ထုတ်လုပ်ရေး စသည့် မောင်းနှင်အားသစ် ကဏ္ဍများသည် သတ်မှတ်ပမာဏထက် ပိုမိုသော စက်မှုလုပ်ငန်းစဉ် စုစုပေါင်းတိုးတက်မှုထဲတွင် ၅၀ ရာခိုင်နှုန်းကျော် ပါဝင်ကူညီခဲ့ပြီး ဇန်နဝါရီလမှ ဇူလိုင်လအထိ ကာလထက် ၂ ရာခိုင်နှုန်းကျော် ပိုမိုမြင့်တက်လာကာ အထောက်အကူပြုမှုအား အထူးကောင်းမွန်ခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ရင်းနှီးမြှုပ်နှံမှု ငွေကြေးစီးဆင်းမှုများသည်လည်း အတူတကွ ပြောင်းလဲလာခဲ့ပါသည်။ ဇန်နဝါရီမှ ဩဂုတ်လအထိ အဆင့်မြင့်နည်းပညာ အဓိကစက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုသည် ကာလတူထက် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တိုးတက်မှုနှုန်းမှာ ၃ လဆက်တိုက် မြန်ဆန်လာခဲ့ပါသည်။

မူဝါဒလမ်းညွှန်မှုနှင့် ဈေးကွက်လိုအပ်ချက် နှစ်မျိုးစလုံး၏ မောင်းနှင်မှုကြောင့် ဒေသအသီးသီးသည် အရှိန်ဟုန်မြင့် တိုးတက်လာသော စက်မှုလုပ်ငန်းများနှင့် အနာဂတ်စက်မှုလုပ်ငန်းများကို အရှိန်မြှင့်တင် ပုံဖော်နေကြပြီး ဘဏ္ဍာငွေများသည် အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအား (New Quality Productive Forces) နယ်ပယ်များသို့ ပိုမိုစုစည်းလာနေသည့် လားရာမှာ ပိုမိုရှင်းလင်းလာခဲ့ပါသည်။

ယခုအခါ လျှပ်စစ်သုံးစွဲမှုဟူသော “စီးပွားရေးအခြေအနေပြ အညွှန်းကိန်း” မှတစ်ဆင့် တရုတ်စီးပွားရေး၏ တိုးတက်မှု၊ ကျဆင်းမှုကိုတင်မကဘဲ စီးပွားရေးတိုးတက်မှု၏ အရည်အသွေးနှင့် အနှစ်သာရကိုပါ ဖတ်ရှုသိရှိနိုင်ပါသည်။

လက်ရှိတွင် မိုက်ခရိုချစ်ပ်များ၊ ကွန်ပျူတာတွက်ချက်မှုစွမ်းအား (Data Center) နှင့် စွမ်းအင်သစ် မော်တော်ယာဉ်များထံ စီးဆင်းနေသည့် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ တိုင်းသည် ပိုမိုမြင့်မားသော တစ်ယူနစ်ထွက်ရှိမှုတန်ဖိုး၊ ပိုမိုခိုင်မာသော နည်းပညာဆိုင်ရာ တားဆီးကာကွယ်မှုများနှင့် ပိုမိုရှည်လျားသော စက်မှုလုပ်ငန်း သက်တမ်းတို့ကို ဆောင်ကြဉ်းပေးမည် ဖြစ်ပါသည်။

စီးပွားရေး အာရုံကြောဖြစ်သော လျှပ်စစ်ဓာတ်အားသည် နည်းပညာအခြေပြု စက်မှုလုပ်ငန်းများနှင့် ပိုမိုဟန်ချက်ညီလာသောအခါ၊ သုံးစွဲလိုက်သော လျှပ်စစ်ဓာတ်အားတစ်ယူနစ်ချင်းစီ၏ စီးပွားရေးအကျိုးအမြတ်ကို မြင့်တက်စေရုံတင်မကဘဲ စက်မှုလုပ်ငန်းများ အစဉ်အမြဲ အဆင့်မြှင့်တင်ပြောင်းလဲနေနိုင်ရေးအတွက်ပါ ယုံကြည်ချက်ကို တိုးတက်စေပါသည်။

လျှပ်စစ်သုံးစွဲမှု စာရင်းဇယားများတွင် ပါဝင်နေသော အပြောင်းအလဲများသည် အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားများ အမြစ်တွယ်လာခြင်းနှင့် စီးပွားရေးဖွဲ့စည်းပုံ အဆင့်မြှင့်တင် ပြောင်းလဲလာခြင်းတို့၏ ရောင်ပြန်ဟပ်မှုပင် ဖြစ်ပါသည်။

သတင်းအရင်းအမြစ် : San Li He

Your Ad Here
Ad Size: 336x280 px

More News