ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ ၄ ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်။
ပွဲတော်တွင် စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ် တို့မှ အနုပညာရှင်များရဲ့ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး လာရောက်သူများ သွားလာရေးလွယ်ကူစေရန်အတွက် YBS အကြို/အပို့ကားများကိုလည်း စီစဉ်ထားမှာဖြစ်တယ်လို့သိရပါတယ်။
ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ဖြင့် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကို ရောင်းချသွားမှာဖြစ်သလို သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်သွားမှာဖြစ်တဲ့အတွက် မည်သူမဆို ပျော်ရွှင်စွာလာရောက်ဆင်နွှဲနိုင်ကြောင်းလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။






