[latest_news_marquee]

ရန်ကုန်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေရှားပါးမှုပြဿနာများ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်ထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရင်ဆိုင်တွေ့ကြုံနိုင်သည့် ရေရှားပါးမှုပြဿနာများ လျော့နည်းစေရန်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရေလှောင်တမံများတွင် ကန်ရေပြည့် ပမာဏထက်ပိုမို၍ ရေသိုလှောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။ 

လက်ရှိမှာ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်းနှင့်ဇာမဏီအင်း ရေလှောင်တမံများတွင် ကန်ရေပြည့် ပမာဏထက်ပိုမို၍ ရေသိုလှောင်ထားပြီး တမံ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲများ၏ ကြံ့ခိုင်မှုအခြေအနေများကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထိုသို့ ရေလှောင်တမံများတွင် ရေပြည့်ဝစွာ သိုလှောင်ထားရှိခြင်းဖြင့် တောင်သူများအတွက် စိုက်ပျိုးရေ၊ ဒေသခံပြည်သူများအတွက် သောက်သုံးရေနှင့် စက်မှုလုပ်ငန်းသုံးရေများကို လုံလောက်စွာ ဆက်လက်ပေးဝေနိုင်မည်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်လည်း လက်ရှိတွင် ရေအရင်းအမြစ်များဖြစ်သော လှော်ကားရေလှောင်ကန်၊ ဂျိုးဖြူရေလှောင်ကန်၊ ဖူးကြီးရေလှောင်ကန် ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)၊ လဂွန်းပြင်ရေသန့်စင်စက်ရုံ၊ သဲဖြူ၊ ရန်ကုန်ပေါက် မြေအောက်ရေပေးဝေရေးစခန်း ၂ ခု စသည်တို့မှ ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် နေ့စဉ်သောက်သုံးရေ ဂါလန် ၂၄၄ သန်းခန့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရပါတယ်။

ရေလှောင်တမံများသည် ဒေသတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေဖူလုံရေးအတွက် အရေးပါသည့် ရေအရင်းအမြစ်များ ဖြစ်ကြပြီး မိုးရာသီကာလတွင် တမံများ၌ မိုးရေကို စုဆောင်းသိုလှောင်ခြင်းဖြင့် တမံအောက်ရှိ  မြို့နယ်၊ ရပ်ကွက်များမှ စိုက်ခင်းများ ရေကြီးနစ်မြုပ်မှုကို သက်သာစေကာ နွေရာသီကာလ ရေရှားပါးသည့်အချိန်များတွင် ဒေသခံပြည်သူများအတွက် သောက်သုံးရေနှင့် စက်မှုလုပ်ငန်းသုံးရေကို ဖူလုံစွာ ဖြန့်ဝေပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News