[latest_news_marquee]

စားအုန်းဆီ လိုအပ်ချက်ဖြည့်ဆည်းရန် ဆီအုန်းမျိုးသစ်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေ

စားအုန်းဆီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုတွင် ဆီအုန်းမျိုးသစ်များထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ဆီအုန်းကို ၁၉၉၉ ခုနှစ်မှစ၍ “တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်” ဟူသော ရည်မှန်းချက်ဖြင့် ဆီအုန်းဧက ၅ သိန်းအထိ တိုးချဲ့စိုက်ပျိုးရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၃ ဒသမ ၉၆ သိန်း၊ ဆီသီးနှံခိုင် တန်ချိန် ၆ ဒသမ ၁၈ သိန်းထွက်ရှိခဲ့ကာ ဆီအုန်းသုတေသနမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စုစုပေါင်း ၂၉၉ ဒသမ ၄ ဧက ဆောင်ရွက်ထားရှိ၍ အပင်တစ်သျှူးမွေးမြူရေး (Tissue Culture) နည်းစနစ်ဖြင့် ဆီအုန်းမျိုးမွေးမြူရေး သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ဆီအုန်းမျိုးသစ်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရပါတယ်။

ထို့အတူ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်မှာ  တနင်္သာရီတိုင်းဒေသကြီးမှ ဆီအုန်းကုမ္ပဏီများနှင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း လိုအပ်သော ဆီကြမ်းစက်ရုံနှင့် ဆီချောစက်ရုံများ တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသော လုပ်ငန်းရှင်များနှင့် ပူးပေါင်းချိတ်ဆက်ဆွေးနွေး အကောင်အထည် ဖော်ခြင်း၊ လုပ်ကွက်ငယ်တောင်သူများ အကျိုးစီးပွားအတွက် ဆီကြမ်းစက်ရုံကြီးများရှိ ကုမ္ပဏီကြီးများနှင့် အကျိုးတူလယ်ယာစနစ်လုပ်ဆောင်နိုင်ရေး ချိတ်ဆက်ကူညီပေးခြင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ်ခုလုံးတိုးတက်စေရေး၊ ဟန်ချက်ညီသော အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Harmonized Private Public Partnership)ဖြင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်ရန် စီမံသွားရမည်ဖြစ်ကြောင်း၊ မြိတ်ဒေသမြောက်ခြမ်းတွင် ဆီသီးခိုင်အထွက်နှုန်းနည်း၍ ဆီအုန်းပင်များဖျက်သိမ်းကာ မျိုးကောင်းရော်ဘာများ အစားထိုးစိုက်ပျိုးရေး စီမံသွားရန် ညွှန်ကြားခဲ့ပြီးဖြစ်၍ အစီအမံများတင်ပြရန် စသဖြင့် ပြောကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးတွင်ပင် ဆီအုန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီအုန်းစိုက်ပျိုးမှု၊ ထုတ်လုပ်သူများ၊ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရန်အတွက် ထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးနှုန်းရရှိရေး၊ အရည်အသွေးမြှင့်တင်ရေးအတွက် လိုအပ်သော ထိန်းကျောင်းမှုများ ဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရ၊ ဆီအုန်းလုပ်ငန်းရှင်၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့ရှိ ဆီအုန်းကုမ္ပဏီများ၊ ဝန်ကြီးဌာနတာဝန်ရှိသူများက မြေယာလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့မှု၊ လုပ်ကိုင်ခွင့်ရ မြေပေါ်တွင် ဆီအုန်းစိုက်ပျိုးခဲ့မှု၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့သော ဆီအုန်းစိုက်ခင်းများပြန်လည် ဖြည့်စွက်စိုက်ပျိုးမည့်အခြေအနေ၊ လက်ရှိ ဆီအုန်းအသီးခူးလုပ်ငန်း ဆောင်ရွက်နိုင်မှုနှင့် ဆီသီးခိုင် ရောင်းချမှုအခြေအနေ၊ ဆီသီးခိုင် ဆီကြမ်းထုတ်လုပ်နိုင်မှုအခြေအနေနှင့် ဒေသတွင်း ဆီကြမ်းစက်ရုံ တိုးချဲ့တည်ဆောက်ရန် လိုအပ်ချက်များ စသည်တို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News