[latest_news_marquee]

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီသည့် ခရီးစဉ်၌  စက်လှေတစ်စီး မတော်တဆ နစ်မြုပ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိ

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီသည့် ခရီးစဉ်တွင် အင်းတိမ်ရွာဘက်မှ ဟဲယာရွာမသို့ ကြွစဉ် စက်လှေတစ်စင်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်မှာ မတော်တဆ နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဖြစ်စဉ်အရ အဆိုပါ စက်လှေဟာ လှေယာဉ်မယ်တစ်စင်းဖြစ်ပြီး လူဦးရေ (၂၀)ကျော်လိုက်ပါစီးနင်းခဲ့ကာ လှေမှာ ရေလှိုင်းကြောင့် ရေစိမ့်ဝင်၍ ရေထဲသို့ နစ်မြှုပ်သွားခဲ့သော်လည်း အနီးပတ်ဝန်းကျင်ရှိ လှေများက အလျန်အမြန် ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“နစ်မြုပ်တဲ့ စက်လှေက အမျိုးသမီးများ လိုက်ပါ စီးနင်းတဲ့ ဟဲယာရွာမ လှေယာဉ်မယ်တစ်စင်း ဖြစ်ပါတယ်။ ဘုရားပွဲမစခင်က ပြုပြင်ထားပြီး လှေတွေက အရမ်းများတော့ ရေလှိုင်းကြောင့် ရေစိမ့်ဝင်တာကနေ နစ်မြုပ်ခဲ့တာပါ။ လူအထိအခိုက်မရှိပါဘူး။ လှေနစ်မြုပ်တဲ့ နေရာက ရေမနက်တဲ့ နေရာဖြစ်တော့ လူတွေဘာထိခိုက်မှုမှ မရှိခဲ့ပါဘူး”လို့ ဒေသခံတစ်ဦးက MFN ကိုပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ထင်ရှားသည့် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားလေးဆူ၏ ဒေသစာရီကြွချီအပူဇော်ခံပွဲတော်ကို အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ ၁၈ ရက်ကြာ ကျင်းပလျက်ရှိပြီး အဆိုပါပွဲတော်အတွင်း ဖောင်တော်ဦးဘုရားလေးဆူသည် အင်းလေးဒေသရှိ ဌာနပေါင်း ၂၁ ဌာနသို့ ဒေသစာရီကြွချီကာ အပူဇော်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photos – ပအိုဝ်းဌာနေဖာမွန်းမြေ

Your Ad Here
Ad Size: 336x280 px

More News