ဓာတ်အားပျောက်ဆုံးမှု၊ တွက်ချက်မှုများ မှန်ကန်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ်ရေးအပါအဝင် ဖီဒါအလိုက် မီသုံးသူစာရင်းများပြုစုထားရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပြောကြားထားပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်စိုးသည် ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့နှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှင့် ကန်ပတ်ဒေသဓာတ်အားခွဲရုံတို့၌ ဓာတ်အားဖြန့်ဖြူး ပေးနေမှု၊ ၆၆/၃၃/၁၁ ကေဗွီ ကန်ပတ်ဒေသ ဓာတ်အားခွဲရုံသို့ သွားရောက်၍ ဓာတ်အားဖြန့်ဖြူးပေးနေမှု များနှင့် ဓာတ်အားခွဲရုံ ကြံ့ခိုင်ကောင်းမွန်စေရေးဆောင်ရွက်ထားမှုကို ကွင်းဆင်းစစ်ဆေးရာတွင် အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့အတူ ဓာတ်အားခွဲရုံတစ်ခုချင်းရှိ ဖီဒါအလိုက် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု စစ်ဆေးဖော်ထုတ်ရန် ကိုယ်စီတာဝန်ပေးအပ်ထားသည့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးရှိ အင်ဂျင်နီယာများသည် မိမိတာဝန်ယူထားသည့် ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဧရိယာအလိုက် မီးသုံးသူစာရင်းများကို စနစ်တကျပြုစုစောင့်ကြည့်ကြရန် မှာကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ကွင်းဆင်းစစ်ဆေးရာတွင် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အား ပြတ်တောက်မှုမရှိစေရေးတို့အတွက် ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဓာတ်အား လိုင်းကြီးများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်လည်း YESC ဥက္ကဋ္ဌ က မှာကြားခဲ့တယ်လို့ သိရပါတယ်။
Photo- MOI






