[latest_news_marquee]

အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ယခင်နှစ်ကထက် ကျပ် ၂၀၀,၀၀၀ တိုးမြှင့်သတ်မှတ်ကြေညာ

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ယခင်နှစ်ကထက် ကျပ် ၂၀၀,၀၀၀ တိုးမြှင့်သတ်မှတ်ကြေညာပါတယ်။

ယခင်၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အခြေခံရည်ညွှန်းစပါးဈေးဟာ ၁,၁၅၀,၀၀၀ ကျပ်ဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်းမှာ (၁,၃၅၀,၀၀၀)ကျပ် သတ်မှတ်လိုက်တဲ့အတွက် ယခင်နှစ်ထက် ကျပ် ၂ သိန်း တိုးမြှင့်သတ်မှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့်စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ယခုလို ထုတ်ပြန်ကြေညာပေးလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ သတ်မှတ်ချက်များအနေဖြင့် အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ဖုန်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းမှာ (၁,၃၅၀,၀၀၀)ကျပ်ဟု သတ်မှတ်ကြောင်း သိရပါတယ်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းပေါ်တွင် ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်းဝယ်ယူရမည်ဖြစ်ကြောင်း၊ ယခုသတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ရောင်းချရန် အခက်ခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ်သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းလည်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News