ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် လူကူးခုံးကျော်တံတားများ၊ မြေအောက်လမ်း၊ လူကူးမျဉ်းကျားများနှင့် ခွင့်ပြုထားသောနေရာများမှသာ ဖြတ်သန်းသွားလာရန် အသိပေးထားပြီးနောက် စည်းကမ်းမဲ့ လမ််းဖြတ်ကူးသူများကို အရေးယူဆောင်ရွက်လျက်ရှိရာ ၂ ရက်တာအတွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ ၃၅ ဦးကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ ဆူးလေခုံးကျော်တံတားအောက်မှ လမ်းဖြတ်ကူးကြသည့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၉ ဦးကို လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို လည်းကောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
“အခုလိုဆောင်ရွက်တာက ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ အများပြည်သူခရီးသွားလာရာမှာ အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ လမ်းအသုံးပြုသူ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။
ထိုသို့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို အရေးယူဆောင်ရွက်မှုကြောင့် ယခင်ကဲ့သို့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းထက် ယခုရက်ပိုင်းအတွင်း ခုံးကျော်တံတားများကို အသုံးပြုဖြတ်သန်းသွားလာသူ ပိုမိုများပြားလာကာ ခုံးကျော်တံတားအောက်မှ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ အရေအတွက် လျော့ကျသွားတယ်လို့လည်း သိရပါတယ်။
Photo – MOI






