[latest_news_marquee]

အာမခံဈေးကွက်မှာ နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း လုပ်ငန်း ၂၇ ခုနဲ့ လည်ပတ်နေ

မြန်မာနိုင်ငံအာမခံဈေးကွက်တွင် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း လုပ်ငန်း ၂၇ ခုဖြင့် ဈေးကွက်ဟန်ချက်ညီစွာ ခွင့်ပြုထားပြီး အာမခံအမျိုးအစားစုံလင်စွာဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ (၄၁)ကြိမ်မြောက် (ပုံမှန်)အစည်းအဝေး (၂/၂၀၂၆)မှ သိရပါတယ်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး  မြန်မာနိုင်ငံအာမခံဈေးကွက်တွင် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံ ကုမ္ပဏီ ၉ ခု၊ ဖက်စပ်အသက်အာမခံ ကုမ္ပဏီ ၃ ခု၊ ရာနှုန်းပြည့် နိုင်ငံခြား အသက်အာမခံကုမ္ပဏီ ၅ ခု၊ ပြည်တွင်း ပုဂ္ဂလိကအထွေထွေအာမခံကုမ္ပဏီ ၆ ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ ၃ ခု၊ အသက်နှင့် အထွေထွေအာမခံ နှစ်မျိုးလုံး လုပ်ကိုင်သည့် နိုင်ငံပိုင် မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် စုစုပေါင်း ၂၇ ခုဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက် နေကြောင်း သိရပါတယ်။

အစည်းအဝေးတွင် အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က မြန်မာနိုင်ငံအာမခံဈေးကွက်တွင် နိုင်ငံသားပိုင်၊ နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ပိုင် စသည်ဖြင့် ဟန်ချက် ညီစွာခွင့်ပြုထားပြီး အာမခံအမျိုး အစားစုံလင်စွာ ခွင့်ပြုထားပြီးဖြစ်ကာ ဈေးကွက်တွင် ယှဉ်ပြိုင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း၊ အာမခံကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူပြည်သားများအတွက် အာမခံအကာအကွယ် ပိုမိုရရှိစေရေး အတွက် အာမခံအမျိုးအစားသစ်များကို တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရေးနှင့် မြန်မာနိုင်ငံ အာမခံဈေးကွက် ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုစေရေး စသည်တို့ကို ဆက်လက် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ကြောင်း သိရပါတယ်။

အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အာမခံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံအမျိုးအစား ၇၂ မျိုးကို ခွင့်ပြု ထားပြီး နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး ၂၄ ခု၊ အာမခံလျော်ကြေး တွက်ချက်သည့် Adjuster & Surveyors ကုမ္ပဏီ ၅ ခု၊ ကော်ပိုရိတ် အာမခံကိုယ်စားလှယ် ၇၀ ခု၊ တစ်ဦး ချင်းအာမခံကိုယ်စားလှယ်စုစုပေါင်း ၂၅,၈၁၉ ဦး၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်စင်တာတစ်ခုနှင့် ဌာနတွင်းအာမခံကိုယ်စားလှယ် သင်တန်းကျောင်း ၂၅ ခုတို့ကို ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

Photo – MRTV

Your Ad Here
Ad Size: 336x280 px

More News