ပြည်ပရောက် မြန်မာလုပ်သားများအနေဖြင့် AD လိုင်စင်ရဘဏ် ၁၆ ခုနှင့် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ခွင့်ပြုပေးထားသည့် ကုမ္ပဏီ ၁၈ ခုတို့ဖြင့် ချိတ်ဆက်၍ လစာငွေများ လွှဲပြောင်းနိုင်ရန် စီမံပေးထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဝေမှ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့၌ တရားမဝင် ပြည်ပလုပ်သားများ လျှော့ချရန်နှင့် ပြည်ပလုပ်သားများ၏ လစာဝင်ငွေ နိုင်ငံသို့ လွှဲပြောင်းရာတွင် အစိုးရဘဏ်မှတစ်ဆင့် လွှဲပြောင်းပေးပို့ရန် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးမြန်းခဲ့မှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါတယ်။
ပြည်ပသို့ လုပ်သားများ တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်သမား လက်ခံသည့်နိုင်ငံများသို့ အလုပ်သမားရေးရာဆိုင်ရာ နားလည်မှုစာလွှာများနှင့်အညီ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ၏ တာဝန်ခံမှုဖြင့် စေလွှတ်ခဲ့ခြင်း၊ မိမိအစီအစဉ်ဖြင့် သွားရောက် လုပ်ကိုင်သည့် အလုပ်သမားများအတွက် လုပ်ငန်းခွင်၏ အလုပ်ခေါ်စာ မှန်ကန်မှုရှိစေရန် အလုပ်သမား သံအရာရှိများမှ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်ခေါ်စာအား စိစစ်ပေးခြင်း၊ သံအရာရှိမထားရှိသည့် နိုင်ငံများအတွက် မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှတစ်ဆင့် စိစစ်ပေးပြီး လက်ခံနိုင်ငံ၏ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပသို့ အလုပ်သမားများ တရားမဝင်သွားရောက် လုပ်ကိုင်မှု လျှော့ချနိုင်ရန်အတွက် ဝန်ကြီးဌာနသည် တရားမဝင်လုပ်သားစေလွှတ်ခဲ့သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်အရေးယူခြင်း၊ လူထုမီဒီယာမျိုးစုံအသုံးပြု၍ အသိပညာပေးခြင်း စတာတွေကို ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ၊ လစာငွေများကို ၎င်းတို့၏ မိသားစုများထံသို့ လွှဲပို့နိုင်ရေးအတွက် နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ AD လိုင်စင်ရဘဏ်များနှင့် နိုင်ငံတကာငွေလွှဲ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်သည့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းနှင့် ကုမ္ပဏီများအား ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင် ခွင့်ပြုခြင်းတို့ဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပြည်ပငွေလွှဲလုပ်ငန်း ဝန်ဆောင်မှုဆောင်ရွက်ရန် AD လိုင်စင်ရဘဏ်များမှ တင်ပြလာပါက စိစစ်ခွင့်ပြုပေးလျက်ရှိကာ ကုမ္ပဏီများမှ တင်ပြလာပါက စိစစ်၍ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိတွင် AD လိုင်စင်ရဘဏ် ၁၆ ခုကို ဝန်ဆောင်မှုဆောင်ရွက်မည့် နိုင်ငံအလိုက် နိုင်ငံတကာ ငွေလွှဲအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားကြောင်း၊ ထို့ပြင် ကုမ္ပဏီ ၁၈ ခုကိုလည်း ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှုဆောင်ရွက်မည့် နိုင်ငံအလိုက် ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ခွင့်ပြုထားကြောင်းသိရပါတယ်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် အလုပ်သမားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး၊ တရားမဝင်လမ်းကြောင်းမှ သွားရောက်မှု လျှော့ချနိုင်ရေးနှင့် ပြည်ပရောက်အလုပ်သမားများထံမှ မိသားစုလွှဲပို့ငွေအား တရားဝင်လွှဲပို့နိုင်ရေးအတွက် နိုင်ငံပိုင်ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိက AD လိုင်စင်ရဘဏ်များမှတစ်ဆင့်လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများမှတစ်ဆင့်လည်းကောင်း လွှဲပို့နိုင်တယ်လို့ သိရပါတယ်။
Photo – MOI






