[latest_news_marquee]

ကာလအတန်ကြာရပ်နားထားသည့် Yoma Central စီမံကိန်း ပြန်စမယ်လို့ FMI ထုတ်ပြန်

ဆောက်လုပ်ရေးလုပ်ငန်းများ ကာလအတန်ကြာ ရပ်ဆိုင်းထားခဲ့ရသည့် Yoma Central စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများ အဆင့်လိုက် ပြန်လည်စတင်နိုင်ရန် စီစဉ်နေပြီး FMI နှင့် ရိုးမကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း First Myanmar Investment (FMI)၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အရ FMI သည် စီမံကိန်းတွင် ၎င်းပိုင်ဆိုင်မှုအချိုးကို ၁၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ၎င်း၏ ရေရှည်မိတ်ဖက်ဖြစ်သော Yoma Strategic Holdings Ltd. (Yoma Strategic)မှကျန်ရှိသည့် ရာခိုင်နှုန်း ၈၀ ကို ပိုင်ဆိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းအတွက် အောက်တိုဘာ ၃ ရက်က နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်အရ စီမံကိန်းတွင်ပါဝင်သည့် အခြားရှယ်ယာရှင်များသည် ၎င်းတို့ပိုင်ဆိုင်သည့် ရှယ်ယာများကို FMI နှင့် Yoma Strategic တို့ထံ အချိုးကျအလိုက် စတိတန်ဖိုး (nominal amount) ဖြင့်လွှဲပြောင်းပေးသွားမယ်လို့လည်း သိရပါတယ်။

FMI အမှုဆောင်အရာရှိချုပ် (CEO) နှင့် အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက “သဘောတူစာချုပ်ဟာ Yoma Central စီမံကိန်း ပြန်လည်ရှေ့ဆက်နိုင်ရေးအတွက် အရေးပါသော မှတ်တိုင်တစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရေရှည်မိတ်ဖက်ဖြစ်သော Yoma Strategic နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများကို အဆင့်ဆင့် ပြန်လည်စတင်နိုင်ရန် မျှော်လင့်ထားပါတယ်။ Yoma Central တွင် ကျွန်တော်တို့၏ အစုရှယ်ယာပိုင်ဆိုင်မှု တိုးမြှင့်ခြင်းဟာ စီမံကိန်းအပေါ် ကျွန်တော်တို့၏ ယုံကြည်မှုနှင့် Yoma Group ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရေရှည်ကတိကဝတ်ကို ထင်ဟပ်စေပါတယ်။ ဒီရလဒ်ကို ဖော်ဆောင်နိုင်ရန် နှစ်ပေါင်းမျာစွာ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိတ်ဖက်များနှင့် ချေးငွေ ပေးသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်”လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအရ FMI နှင့် Yoma Strategic တို့သည် အဆိုပါစီမံကိန်း၏ စီးပွားရေးဆိုင်ရာချေးငွေများကိုလည်း လျှော့စျေးဖြင့် ဝယ်ယူမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ အဆိုပါချေးငွေ ပမာဏမှာအမေရိကန်ဒေါ်လာ ၆၁ ဒသမ ၇ သန်းခန့် ရှိသော်လည်း ၎င်းတို့ကို အမေရိကန် ဒေါ်လာ ၅၅ သန်းဖြင့် ဝယ်ယူမှာဖြစ်သလို လုပ်ငန်းစဉ်များ၏ ကုန်ကျစရိတ်များ နှင့် အကျိုးစီးပွားများကိုလည်း ၎င်းတို့၏ အစုရှယ်ယာပိုင်ဆိုင်မှုအချိုးဖြစ်သည့် ၂၀ : ၈၀ အတိုင်း ခွဲဝေ တာဝန်ယူ/ခံစားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo- MFN

Your Ad Here
Ad Size: 336x280 px

More News