ကရင်ပြည်နယ်တွင် ပရိဘောဂလုပ်ငန်းများကို ဘားအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့များတွင် အဓိကလုပ်ကိုင်ကြပြီး ဒေသထွက်ပရိဘောဂများဟာ ပြည်တွင်းဈေးကွက်တွင် လူကြိုက်များလျက်ရှိကာ ပဲခူး၊ ရန်ကုန်၊ မန္တလေးရှိ မြို့နယ်များသို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိတယ်လို့ ဒေသခံ သစ်အချောထည်နှင့် ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
လက်ရှိမှာ ပြည်နယ်အတွင်း ထွက်ရှိသည့် သဘာဝ ကျွန်းသစ်၊ ပျဉ်းကတိုးသစ်နှင့် သစ်မာအမျိုးအစားများကို အခြေခံ၍ ထုတ်လုပ်ထားသော အိမ်သုံးနှင့် ရုံးသုံး ပရိဘောဂပစ္စည်းများသည် အရည်အသွေးကောင်းမွန်သည့်အတွက် သုံးစွဲသူများအကြိုက်တွေ့ကာ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းလျက်ရှိကြောင်းလည်း သိရပါတယ်။
ပြည်နယ်အတွင်း၌ မိသားစုပိုင် ပရိဘောဂအလုပ်ရုံငယ်များမှသည် အသေးစား၊ အလတ်စား ပရိဘောဂစက်ရုံများအထိ တိုးချဲ့လုပ်ကိုင်လာကြပြီး အဆိုပါ လုပ်ငန်းများမှ အိမ်ခန်းသုံး ကုတင်များ၊ စားပွဲများ၊ ကုလားထိုင်များ၊ ဘီရိုများနှင့် အလှဆင် ပရိဘောဂများကို အဓိကထား ထုတ်လုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည် ကောင်းမွန်လာပါက ထိုင်းနိုင်ငံအပြင် အခြားပြည်ပဈေးကွက်များသို့ ပိုမိုကျယ်ပြန့်စွာ တင်ပို့နိုင်မည်ဟုလည်း လုပ်ငန်းရှင်များက မျှော်လင့်ထားကြပြီး လက်ရှိတွင် ကုန်ကြမ်းသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များခြင်း၊ လျှပ်စစ်မီးရရှိမှုခက်ခဲခြင်းနှင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်များ ရှိနေသော်လည်း အရည်အသွေးမြင့်မားသည့် သစ်ကုန်ကြမ်းများ ပိုင်ဆိုင်ထားခြင်းကြောင့် ဒေသတွင်း ပရိဘောဂလုပ်ငန်းများမှာ ရေရှည်တွင်းစီးပွားရေးအရ အလားအလာကောင်းများ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ပြည်နယ်လုပ်ငန်းရှင်များထံမှ သိရပါတယ်။
အဆိုပါ ပရိဘောဂများ၏ ဈေးနှုန်းများမှာ သစ်အမျိုးအစားနှင့် လက်ရာဒီဇိုင်းပေါ်မူတည်၍ ကွဲပြားမှုရှိကာ (၅ပေ×၆ပေ) ကျွန်းကုတင်တစ်လုံးလျှင် ၈ သိန်းမှ ၂၀ သိန်း ကျပ်ဝန်းကျင်ခန့်၊ ကျွန်းထမင်းစားပွဲနှင့် ကုလားထိုင် ၆ လုံးပါ တစ်စုံလျှင် ၁၀ သိန်းမှ ၂၅ သိန်း ကျပ် ဝန်းကျင်ခန့်၊ ဧည့်ခန်းသုံး ဆိုဖာ/ ကုလားထိုင်တွဲများ တစ်စုံလျှင် ၁၅သိန်း မှ ၃၀ သိန်း ကျပ် ဝန်းကျင်ခန့်၊ ပျဉ်းကတိုး သို့မဟုတ် သစ်မာ ရုံးသုံး ပရိဘောဂများ တစ်စုံလျှင် ၃သိန်း မှ ၈ သိန်း ကျပ် ဝန်းကျင်ခန့်တို့ဖြင့် ရောင်းချလျက်ရှိနေတယ်လို့ သိရပါတယ်။
Photo – Internet






