[latest_news_marquee]

လာမယ့် နိုဝင်ဘာ နှင့် ဒီဇင်ဘာလတို့တွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ပြီး အပူချိန်မြင့်ခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များသည် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေပြီး ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတု ခန့်မှန်းရေးစင်တာများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန်မြင့်မား ခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပြတ်လပ်ခြင်းနှင့် ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း မိုးဇလမှ ဆိုထားပါတယ်။

ထို့အတူ အပူလျှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်း သွားနိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်လို့ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် မိုးဇလမှ အကြံပြုထားပါတယ်။

 အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များမြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်း စသည့်အလွန်အမင်း ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကာ  အယ်လ်နီညို ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

Photo- WMO

Your Ad Here
Ad Size: 336x280 px

More News