ကမ္ဘာအေးဘုရားလမ်း နှင့် ပြည်လမ်းမကြီးတို့၏ ဘေး ဝဲ/ယာရှိ အဆောက်အအုံများအား အမြင်တင့်တယ်စေရန် ဆေးသုတ်ပြုပြင်မှာဖြစ်ပြီး ပြုပြင်ရာတွင် အစုလိုက်တူညီဆေးရောင်များဖြင့် ဆေးသုတ်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေအောင်က ပြောကြားထားပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အအုံများအား မြို့တော်အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ်လှပစေရေးအတွက် ဆေးသုတ်ပြုပြင်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာတွင် အခုလိုထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးတွင် အတွင်းရေးမှူးက ကမ္ဘာအေးဘုရားလမ်းမကြီးနှင့် ပြည်လမ်းမကြီးများသည် ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများဖြစ်ပြီး အဆိုပါ လမ်းမကြီးများ၏ ဘေးဝဲ/ယာတစ်လျှောက်ရှိ အဆောက်အအုံများသည် မြို့တော်အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ်စေရေးနှင့် သစ်လွင်လှပမှုရှိစေရေးအတွက် ဆေးသုတ်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် လိုအပ်တာကြောင့် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၊ ပါရမီအိမ်ရာ သာယာရေးကော်မတီ၊ ပုလဲကွန်ဒို အိမ်ရာသာယာရေးကော်မတီ၊ ယုဇနစင်တာ အိမ်ရာသာယာရေးကော်မတီ၊ ဒဂုံတာဝါအိမ်ရာ သာယာရေး ကော်မတီ၊ ရွှေဂုံရိပ်မွန်အိမ်ရာ သာယာရေးကော်မတီနှင့် Excel Tower တို့မှ တာဝန်ရှိသူများက ဆေးသုတ်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
Photo- Internet






