Online လူမှုကွန်ရက်ပေါ်ရှိ တက္ကသိုလ်ကျောင်းသားများ ယာယီကျောင်းနား၍ စစ်မှုထမ်းဆောင်ရမည်ဟူသည့် သတင်းမှာ မမှန်ကန်ဘဲ သတင်းတု/သတင်းမှားများဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ယနေ့ အောက်တိုဘာ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
အဆိုပါ သတင်းတွင် “မဲပေါက်သူက ဘယ်လိုဖြစ်ဖြစ် စစ်မှုထမ်းရမယ်၊ တက္ကသိုလ်ကျောင်းသား ဖြစ်နေလျှင်တောင်မှ (၂)နှစ် ကျောင်းယာယီနားပြီး စစ်မှုထမ်းရမယ်၊ ရွှေ့ဆိုင်းလို့မရဘူးလို့ ညွှန်ကြားတယ်ဟု မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံက သိရှိရပါတယ်။ ဒါ့အပြင် မဲပေါက်ထားသည့် လူငယ်များ ထွက်ပြေးမသွားစေရေးအတွက် မှတ်ပုံတင်နှင့် UID Smart Card များကို သိမ်းဆည်းထားတယ်” ဆိုပြီး မဟုတ်မမှန် သတင်းတု/ သတင်းမှားများ ထုတ်လွှင့်နေတာကို သိရှိရတယ်လို့ ယခုထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည့်အချက်များကို ဖော်ပြထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ – ၁၅ (က)(၃) တွင် ပညာသင်ကြားနေသူများ ဟူသည့် အချက်ပါဝင်သည်ကို အတိအကျဖော်ပြထားပြီးဖြစ်သလို နေ့စဉ်ထုတ်သတင်းစာများတွင်လည်း စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ဆိုထားပါတယ်။
ယင်းအတွက်ကြောင့် တက္ကသိုလ်ကျောင်းသားများ ၂ နှစ် ကျောင်းယာယီနားပြီး စစ်မှုထမ်းရမည်ဆိုသည့်သတင်းသည် သတင်းအတု၊ သတင်းအမှားသာဖြစ်ပြီးနှင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်ပြီး မဟုတ်မမှန်ဖော်ပြနေသည့် သတင်းတု/သတင်းမှားများကို မယုံကြည်ရန် အသိပေးထားပါတယ်။
Photo- MDN






