VeVe အမှတ်တံဆိပ် စတော်ဘယ်ရီအရသာနို့ဘူး အပါအဝင် စားသောက်ကုန် ၇ မျိုးအား ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် သတိပေးချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အောက်တိုဘာ ၁၄ ရက် တွင် ထုတ်ပြန်ခဲ့ပါတယ်။
FDA ရဲ့ ထုတ်ပြန်ထားချက်အရ Ocean Super Center မှ ကောက်ယူခဲ့သည့် VeVe အမှတ်တံဆိပ် စတော်ဘယ်ရီအရသာနို့ဘူးတွင် အစားအသောက် ထပ်ဖြည့်ပစ္စည်း Sodium Cyclamate ပါဝင်မှုသည် (322.64 ppm) ပါဝင်ပြီး သတ်မှတ်ပမာဏ (MaX: 250 ppm) ထက်ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

ထို့အတူ ဒီဒီနို့ဒိန်ချဉ်လိမ္မော်အနံ့အရသာဘူးတွင်လည်း အစားအသောက် ထပ်ဖြည့်ပစ္စည်း Sodium Benzoate ပါဝင်မှုသည် (352.72 ppm) ပါဝင်ပြီး သတ်မှတ်ပမာဏ (MaX: 300 ppm) ထက်ကျော်လွန်ကြောင်း၊ ထို့အပြင် Sodium Cyclamate ပါဝင်မှုသည် (318.69 ppm) ပါဝင်ပြီး သတ်မှတ်ပမာဏ (MaX: 250 ppm) ထက်ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။
ယင်းအပြင် အခြား စားသောက်ကုန်များဖြစ်တဲ့ အော်ရိုရာ မက်မန်းသီးချိုချဉ်၊ နန်းတွင်းသူ ငရုတ်သီးအစိမ်းမှုန့် ၊ နဂါးနီ ပုန်းရည်ကြီး၊ ကျားနဂါး မြိတ်ငံပြာရည်၊ ကင်းမွန် ပဲငံပြာရည် များ၏ ပါဝင်ပစ္စည်းအချို့ဟာ သတ်မှတ်ပမာဏထက် ပမာဏကျော်လွန်နေမှုများရှိတာကြောင့် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းစေခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Photo- FDA Myanmar






