[latest_news_marquee]

ဘယ်လာရုစ်သမ္မတနိုင်ငံမှ ချေးငွေယူမည့်ကိစ္စ လွှတ်တော်အတည်ပြု၊ နိုင်ငံပိုင်ဘဏ်(၃)ဘဏ်နှင့် ဘဏ်စာရင်းများ ဖွင့်နိုင်ရေး ဆောင်ရွက်လျက်ရှိ

ဘယ်လာရုစ်သမ္မတနိုင်ငံမှ ချေးငွေယူမည့်ကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီး နိုင်ငံပိုင်ဘဏ်(၃)ဘဏ်နှင့် ဘဏ်စာရင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောကြားထားပါတယ်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘယ်လာရုစ်သမ္မတနိုင်ငံ DBRB နှင့် Belinvestbank JSC တို့မှ

ပို့ကုန်ချေးငွေရယူရေးကိစ္စအား အောက်တိုဘာ ၈ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဆွေးနွေးထားတာဖြစ်ပြီး မနေ့က အောက်တိုဘာ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးပဉ္စမနေ့၌ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့ရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က နိုင်ငံခြားငွေဖြင့် ချေးငွေရယူရာတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းကြောင့် ဆုံးရှုံးနိုင်ခြေ (Exchange Rate Risk) နှင့် အတိုးနှုန်း ပြောင်းလဲမှုကြောင့် ဆုံးရှုံးနိုင်ခြေ (Interest Rate Risk)များကို ကြုံတွေ့နိုင်သဖြင့် Exchange Rate Risk အနည်းဆုံးဖြစ်စေရန်အတွက် ငွေကြေးအမျိုးအစားခိုင်မာမှု၊ သက်ဆိုင်ရာအခြေခံအတိုးနှုန်းနှင့် ပြန်ဆပ်ကာလတို့ကို စိစစ်အကဲဖြတ်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ချေးငွေသက်တမ်းမှာ အများဆုံး(၅)နှစ် ဖြစ်၍ ကာလတိုချေးငွေဖြစ်သဖြင့် ဈေးကွက်ပြောင်းလဲမှုကြောင့် သက်ရောက်မှု လျော့နည်းနိုင်မှာဖြစ်ပြီး နိုင်ငံပိုင်ဘဏ်(၃)ဘဏ် (မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်)နှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Banking Arrangement)များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာနှင့် ၂၀၂၆ ခုနှစ် မေလတို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဘဏ်စာရင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ တယ်လို့ သိရပါတယ်။

ထို့အပြင် ပို့ကုန်ချေးငွေကို နိုင်ငံခြားငွေကြေးအမျိုးအစား (၅) မျိုးဖြင့် ရယူနိုင်သဖြင့် Sanction အကျုံးမဝင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားနှင့် သင့်လျော်သော ငွေပေးချေမှုလမ်းကြောင်းကို ကြိုတင်စိစစ် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံမှ ပေးအပ်မည့် ပို့ကုန်ချေးငွေဖြင့်ဝယ်ယူမည့် ပစ္စည်းနှင့်ဝန်ဆောင်မှုများသည် နိုင်ငံတော် အတွက် အမှန်တကယ်လိုအပ်ပြီး အများပြည်သူအတွက် အကျိုးရှိထိရောက်မှုရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်အတူ စိစစ်ရွေးချယ်အကောင်အထည် ဖော်ဆောင်မယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

ပို့ကုန်ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်များ (Basic Agreement)ကို လက်မှတ်ရေးထိုးပြီးဖြစ်ရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၉ နှင့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်နှိပ် မဲခွဲရယူရာ ထောက်ခံဆန္ဒမဲများသည့် အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News