နိုင်ငံတော်သမ္မတ၏ မလေးရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နှစ်နိုင်ငံ အလုပ်သမားသဘောတူညီချက် (MoU) များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်ပေးရန်အပါအဝင် အချက်များစွာကို မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီအန်နဝါဘင်အီဘရာဟင် တို့ အောက်တိုဘာ ၈ ရက်နေ့မှာ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန်ပြောကြားခဲ့ကြောင်း သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က“အခုလို တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ နှစ်နိုင်ငံကြား အင်မတန် အရေးပါတဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထားပြီး အလေးပေးဆွေးနွေးနိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးလျက်ရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပြီး သူတို့ရဲ့လုပ်ငန်းခွင်ဘေးအန္တရာယ်လုံခြုံရေး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ အကာအကွယ်များရရှိဖို့၊ လူမှုဖူလုံရေးနဲ့စောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက်လည်း မလေးရှားအစိုးရနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေတစ်ဆင့် လာရောက်ပြီးတော့မှ စနစ်တကျလုပ်ကိုင်နိုင်ဖို့၊ ခေါင်းပုံဖြတ်ခံရမှုကနေ ကာကွယ်နိုင်ဖို့၊ ဗီဇာနဲ့အလုပ်လုပ်ကိုင်ခွင့်ပါမစ်ဆိုင်ရာ ကိစ္စတွေ ချောမွေ့စေဖို့၊ နှစ်နိုင်ငံ အလုပ်သမားသဘောတူညီချက် MoU များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ပါတယ်”လို့ မီဒီယာများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့အပြင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို နိုင်ငံသားစိစစ်၍ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုထားတဲ့ သူတွေကိုလည်း ပြန်လည်ခေါ်ဆောင်ရေး ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ပြီးသူများကိုလည်း အမြန်ဆုံး ပြန်လည် ခေါ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုကာလသည် ရာသီဥတုကောင်းမွန်သည့် အချိန်ဖြစ်သဖြင့် မြန်မာ့တပ်မတော်(ရေ)မှ သင်္ဘောများ စေလွှတ်၍လည်း အမြန်ဆုံးခေါ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မလေးရှားအစိုးရအနေဖြင့်လည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံလိုကြောင်း စသဖြင့် ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အလားတူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီအန်နဝါဘင်အီဘရာဟင် က “မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်တဲ့ကိစ္စမှာ ကျွန်တော့်အတွေ့အကြုံအရ ဒီလိုမျိုးအရေအတွက်အများကြီးနဲ့ ဘယ်နိုင်ငံမှ ပြန်လက်ခံချင်တယ်ဆိုတဲ့ ပုံစံမျိုးမရှိခဲ့ဘူးဆိုတာ ကျွန်တော့်အနေနဲ့ သိပါတယ်။ ဒါပေမယ့် မြန်မာအစိုးရကတော့ ပြန်လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကိုအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ လူဦးရေ ၁၄၀၀ ကျော်ကို မြန်မာ တပ်မတော် ရေယာဉ်သင်္ဘောနဲ့ ပြန်ခေါ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မှတ်တမ်းတွေအပေါ်တော့ မူတည်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန နှစ်ခုမှာ သတ်မှတ်ထားတဲ့ မှတ်တမ်းတွေအပေါ်မှာတော့ မူတည်ပါတယ်။ ရှိရင်းစွဲ စည်းမျဉ်းစည်းကမ်းတွေအရ၊ သဘောတူညီချက်တွေအရ ကျွန်တော့်ဆီမှာ လူဦးရေ ၃၀၀၀ လောက် ကျန်ပါသေးတယ်။ ဒီအဖွဲ့တွေကိုလည်း မကြာသေးမီမှာ မြန်မာက ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီအပြင် မလေးရှားဝန်ကြီးချုပ်က ပြန်လည်ပို့ဆောင်ပေးမည့် မြန်မာရွှေ့ပြောင်းလုပ်သားများတွင် ရာဇဝတ်မှုကျူးလွန်ထားတာမရှိဘဲ ရှင်းလင်းပါက မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံ သွားမည်ဆိုသည်ကို သိရှိကြောင်း၊ ယခုကဲ့သို့ ပွင့်လင်းစွာ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းစသဖြင့် ပြောကြားခဲ့ကြောင်း သိရပါတယ်။
Photo – MOI






