ပြည်တွင်း၌ ယခု ၂၀၂၆ ခုနှစ် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင်စိုက်ပျိုးခဲ့တဲ့ ပြောင်းဆန် အထွက်နှုန်းဟာ တန်ချိန် ၅ သိန်းနီးပါးလျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရပါတယ်။
ယခင်နှစ်များတွင် အလားတူကာလ၌ ပြောင်းဆန်တန်ချိန် ၃ သန်းကျော် ထွက်ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းစိုက်ပျိုး ထုတ်လုပ်မှု လျော့ကျလာသဖြင့် လက်ရှိတွင် တန်ချိန် ၂ ဒသမ ၅ သန်းကျော်သာ ထွက်ရှိခဲ့တာဖြစ်တယ်လို့ အဆိုပါအသင်းရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
“ယခင်က ပြောင်းဆန်တန်ချိန် ၃ သန်းခန့် ထွက်ရှိချိန်မှာ ပြည်တွင်းသုံးစွဲမှု တန်ချိန် တစ်သန်းခန့်ရှိပြီးတော့ ပြည်ပသို့ တန်ချိန် ၂ သန်းခန့် တင်ပို့နေတာဖြစ်ပါတယ်”လို့ ၎င်းကပြောပါတယ်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် ဆောင်း ပြောင်းစိုက်ရာသီဖြစ်တဲ့ အောက်တိုဘာမှ နိုဝင်ဘာလတို့တွင် အထွက်နှုန်းတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြောင်းအဓိကစိုက်ပျိုးသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စိုက်ဧကများ ပိုမိုတိုးမြှင့်နိုင်ရန် လိုအပ်ကြောင်းနှင့် ပြောင်းဆန်သည် ပြည်တွင်း မွေးမြူရေးကဏ္ဍနှင့် အစာစက်ရုံများအတွက် အရေးပါသည့် ကုန်ကြမ်းဖြစ်သဖြင့် ပြောင်းကဏ္ဍတစ်ခုလုံး ပိုမိုခိုင်မာလာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းသီးနှံများကို ယခင်က ပြည်ပနိုင်ငံ ၁၀ နိုင်ငံသို့ တင်ပို့ ရောင်းချခဲ့သော်လည်း လက်ရှိတွင် ပြည်ပ ၃ နိုင်ငံသို့ တင်ပို့နေကြောင်းနှင့် ဒေသထွက်ပြောင်းကို ထိုင်းနိုင်ငံစျေးကွက်သို့ အဓိကတင်ပို့နေရပြီး ပြောင်းဆန်ဝယ်လိုအားကောင်းသည့် စျေးကွက်များ ထပ်မံရရှိလာစေရန် အသင်းအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်း၊ ကချင်၊ ဧရာဝတီ၊ ကရင် စသည့် တိုင်းဒေသကြီး၊ ပြည်နယ် တို့တွင်လည်း စိုက်ပျိုးကြကာ စုစုပေါင်း စိုက်ဧရိယာ ဧက ၁ ဒသမ ၃၈ သန်း ရှိတယ်လို့ သိရပါတယ်။
Photo – Golden Sk






