မြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရှေ့သို့မတက်လျှင် နောက်သို့ဆုတ်ယုတ်သွားမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်များအတွင်း ကွမ်ကျိုး (Guangzhou) နှင့် ချုံချင်း (Chongqing) မြို့တို့ကြား “စတုတ္ထမြောက် GDP အများဆုံးမြို့တော်” နေရာအတွက် လွန်ဆွဲပွဲမှာ အလွန်ပင် ပြင်းထန်ခဲ့ပါသည်။
၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ကွမ်ကျိုးမြို့သည် ၆ ရာခိုင်နှုန်းဆိုသည့် ရလဒ်ကောင်းမွန်သော GDP တိုးတက်မှုနှုန်းဖြင့် ဆုံးရှုံးထားသည်မှာ ကြာပြီဖြစ်သော ‘စတုတ္ထမြောက်မြို့တော်’ နေရာကို ချုံချင့်မြို့ထံမှ ပြန်လည်ရယူနိုင်ခဲ့ပါသည်။ သို့သော်လည်း ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် ရလဒ်များ ထွက်ပေါ်လာချိန်တွင်မူ ကွမ်ကျိုးမြို့၏ GDP ပမာဏသည် ချုံချင့်မြို့ထက် ယွမ် ၆၅ ဒသမ ၇၁၇ ဘီလီယံ လျော့နည်းသွားခဲ့ပြန်ပါသည်။
ဤပြိုင်ဆိုင်မှု၏ အနိုင်အရှုံး အရွေ့အပြောင်းသည် မော်တော်ယာဉ် စက်မှုလုပ်ငန်းဆီသို့ တစ်စထက်တစ်စ ပိုမိုအတိအကျ ဦးတည်နေပါသည်။
လတ်တလောတွင် မော်တော်ယာဉ် စက်မှုလုပ်ငန်းနှင့် ပတ်သက်၍ မြို့ကြီးနှစ်မြို့လုံး၌ နောက်ထပ် လှုပ်ရှားမှုများဖြင့် ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့ပါသည်။ အောက်တိုဘာ ၈ ရက်နေ့တွင် FAW နှင့် GAC တို့သည် တရားဝင် လက်တွဲခဲ့ကြသလို ထိုမတိုင်မီ အနည်းငယ်ကလည်း Huawei နှင့် ချုံချင်းအခြေစိုက် မော်တော်ယာဉ်ကုမ္ပဏီ Seres တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပုံစံကို ပြင်ဆင်ညှိနှိုင်းခဲ့ကြပါသည်။
ဤဖြစ်စဉ်များ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ မော်တော်ယာဉ် စက်မှုလုပ်ငန်း တိုးတက်မှုဆိုင်ရာ မဟာဗျူဟာ ပြောင်းလဲလိုက်ခြင်း ဖြစ်သကဲ့သို့ ကွမ်ကျိုးနှင့် ချုံချင်း မြို့နှစ်မြို့တို့၏ မော်တော်ယာဉ် ကဏ္ဍတွင် ထပ်မံရင်းနှီးမြှုပ်နှံ အားဖြည့်လာခြင်းလည်း ဖြစ်ပါသည်။
မြို့နှစ်မြို့လုံးသည် တရုတ်နိုင်ငံ မော်တော်ယာဉ် စက်မှုဇုန်၏ အရေးပါသော ဗဟိုချက်များဖြစ်ကြသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မတူညီသော လမ်းကြောင်းများသို့ ဦးတည်သွားခဲ့ကြပါသည်။
၂၀၂၄ ခုနှစ်တွင် ကွမ်ကျိုးမြို့၏ သတ်မှတ်ပမာဏထက်ကျော်လွန်သော မော်တော်ယာဉ် ထုတ်လုပ်မှု ထပ်ဆောင်းတန်ဖိုး (Added Value) သည် ယခင်နှစ်ထက် ၁၈ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး မော်တော်ယာဉ် ထုတ်လုပ်မှုပမာဏလည်း ၂၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပါသည်။ “တရုတ်နိုင်ငံ၏ နံပါတ်တစ် မော်တော်ယာဉ်မြို့တော်” အဖြစ် နှစ်ပေါင်းများစွာ စံချိန်တင်ရပ်တည်ခဲ့သည့် ဤမြို့တော်သည် စွမ်းအင်သစ်ယာဉ် ပြောင်းလဲမှုလှိုင်းအတွင်း အသွင်ကူးပြောင်းရေးဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပါသည်။
ချုံချင်းမြို့၏ အခြေအနေမှာမူ ယင်းနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ချုံချင်း၏ မော်တော်ယာဉ် ထုတ်လုပ်မှုပမာဏသည် ၂ ဒသမ ၇၈၈ သန်းအထိ ရောက်ရှိခဲ့ပြီး ၉ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာကာ၊ နှစ်ပေါင်းများစွာ ကြာပြီးနောက် “တရုတ်နိုင်ငံ၏ နံပါတ်တစ် မော်တော်ယာဉ်မြို့တော်” နေရာသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ စွမ်းအင်သစ်ကားထုတ်လုပ်မှုသည် ကားအစီးရေ ၁ ဒသမ ၂၉၆ သန်းအထိ မြင့်တက်လာပြီး တိုးတက်မှုနှုန်း ၃၆ ရာခိုင်နှုန်း ရှိခဲ့ကာ စက်မှုလုပ်ငန်းစု၏ ပမာဏမှာ ယွမ် ၈၀၀ ဘီလီယံကျော်လွန်ခဲ့ပါသည်။
တစ်ဖက်တွင် လျော့ကျပြီး တစ်ဖက်တွင် မြင့်တက်လာမှုများကြား မြို့တော်နှစ်ခု၏ GDP အဆင့်ရပ်တည်မှုများမှာလည်း အပြန်အလှန် ပြောင်းလဲသွားခဲ့ပါသည်။
သို့သော် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်သို့ ရောက်ရှိချိန်တွင် ဇာတ်လမ်းသည် အလှည့်အပြောင်း ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ ကွမ်ကျိုးမြို့၏ စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်မှုမှာ ၁၄၅,၅၀၀ အထိ ရောက်ရှိကာ ၃၆ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး မော်တော်ယာဉ် ထုတ်လုပ်မှု ထပ်ဆောင်းတန်ဖိုး စုစုပေါင်း တိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၅ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် အပေါင်းလက္ခဏာသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
တစ်ချိန်တည်းတွင် ချုံချင်းမြို့၏ စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်မှု တိုးတက်မှုနှုန်းမှာ ၉ ဒသမ ၇ ရာခိုင်နှုန်း သို့ လျော့ကျသွားခဲ့ပြီး ၂၀၂၅ ခုနှစ် စတင်ချိန်နှင့် နှိုင်းယှဉ်ပါက နှေးကွေးသွားခဲ့ပါသည်။
ကွမ်ကျိုးမြို့၏ အောက်ဆုံးအခြေအနေမှ “သိသိသာသာ ပြန်လည်ဦးမော့လာမှု (Deep V-shaped recovery)” သည် မော်တော်ယာဉ် စက်မှုလုပ်ငန်း၏ အောက်ခြေမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
အတိတ်က ကွမ်ကျိုးမြို့၏ မော်တော်ယာဉ် စက်မှုလုပ်ငန်းသည် GAC Honda နှင့် GAC Toyota ဟူသော ဖက်စပ်အမှတ်တံဆိပ် နှစ်ခုအပေါ် အလွန်အမင်း မှီခိုခဲ့ရသဖြင့် စွမ်းအင်သစ်သို့ အသွင်ကူးပြောင်းရာတွင် ရှေ့မတက်ဘဲ တန့်နေခဲ့ပါသည်။
ဒေသတွင်း အမှတ်တံဆိပ်များဖြစ်သော GAC AION နှင့် Xpeng ကဲ့သို့သော စွမ်းအင်သစ် မော်တော်ယာဉ် ကုမ္ပဏီများ ထွက်ပေါ်လာခြင်းနှင့်အတူ ဖက်စပ်လုပ်ငန်းများအပေါ် မှီခိုမှုမှာ လျော့နည်းသွားပြီး၊ ကိုယ်ပိုင်အမှတ်တံဆိပ် စွမ်းအင်သစ်ကဏ္ဍက အစားထိုး ဦးဆောင်လာခဲ့ပါသည်။
ပိုမိုသတိပြုဖွယ်ကောင်းသည်မှာ ရင်းနှီးမြှုပ်နှံမှု အဆင့်မှ လှုပ်ရှားမှုများဖြစ်ပါသည်။ အောက်တိုဘာ ၈ ရက်နေ့တွင် FAW၊ Toyota နှင့် GAC တို့သည် နားလည်မှုစာချွန်လွှာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ GAC Group သည် အစုရှယ်ယာများ ထုတ်ရောင်းသည့် နည်းလမ်းဖြင့် FAW ပိုင်ဆိုင်သည့် FAW Toyota ၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်း ကို ဝယ်ယူရန် စီစဉ်နေပြီး၊ FAW သည် GAC Group ၏ အဓိက မဟာဗျူဟာမြောက် ရှယ်ယာရှင် ဖြစ်လာတော့မည်ဖြစ်ပါသည်။
ကွမ်ကျိုးအတွက်မူ ဤခြေလှမ်း၏ အဓိပ္ပာယ်မှာ ဘဏ္ဍာရေး အဆက်အသွယ်မှတစ်ဆင့် FAW Toyota ကို GAC စနစ်အတွင်းသို့ သွတ်သွင်းလိုက်ခြင်းဖြစ်ပြီး၊ ဖက်စပ်လုပ်ငန်း၏ အခြေခံစက်ဝန်းကို ခိုင်မာစေသည့်အပြင် စွမ်းအင်သစ် အသွင်ကူးပြောင်းရေးအတွက် အချိန်နှင့် အရင်းအမြစ်များကို ရရှိစေခဲ့ပါသည်။
ထို့အပြင် ချုံချင်းမြို့၏ မော်တော်ယာဉ် ဇာတ်လမ်းသည်လည်း စိတ်ဝင်စားဖွယ်ကောင်းသော်လည်း စိုးရိမ်စရာများ စတင်ပေါ်ထွက်လာနေပါသည်။ Seres ကုမ္ပဏီကို ဥပမာအဖြစ် ကြည့်မည်ဆိုပါက ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် မိခင်ကုမ္ပဏီ ပိုင်ဆိုင်သည့် အသားတင် အမြတ်ငွေသည် ယွမ် ၁ ဒသမ ၇၁၇ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး ယခင်နှစ် ကာလတူတွင်မူ ယွမ် ၂ ဒသမ ၉၄၁ ဘီလီယံ အမြတ်ရရှိခဲ့ပါသည်။
သတင်းဖော်ပြချက်များအရ Huawei နှင့် ပူးပေါင်းဆောင်ရွက်သည့် မော်ဒယ်အရ လွန်ခဲ့သော ၄ နှစ်အတွင်း Seres သည် AITO မော်တော်ယာဉ် တစ်စီးရောင်းရတိုင်း နည်းပညာမူပိုင်ခွင့်၊ အပိုပစ္စည်း ဝယ်ယူမှုနှင့် ရောင်းဝယ်ရေး လမ်းကြောင်းများအတွက် Huawei သို့ အခကြေးငွေ ပေးဆောင်ခဲ့ရပါသည်။
စက်တင်ဘာလကုန်မှ အောက်တိုဘာလဆန်းပိုင်းအတွင်း Huawei နှင့် Seres တို့အကြား “ရုတ်တရက် လမ်းခွဲလိုက်၊ ပြန်လည်ပေါင်းစည်းလိုက်” ဖြစ်ခဲ့သည့် ပြဇာတ်ဆန်ဆန် ဖြစ်စဉ်၏ အဓိကအကြောင်းအရင်းမှာ အမြတ်ငွေ ခွဲဝေမှုကြောင့်ဖြစ်သည်ဟု အများက သုံးသပ်ကြပါသည်။
အပြင်ပန်းအားဖြင့် ကုမ္ပဏီနှစ်ခုကြား စာချုပ်ဆိုင်ရာ အားပြိုင်မှုတစ်ခုဖြစ်သော်လည်း ချုံချင်းမြို့အတွက်မူ ထုတ်လုပ်မှုကွင်းဆက်၏ အမြတ်ငွေ ခွဲဝေပိုင်ခွင့်သည် မည်သူ့လက်ထဲတွင် ရှိသနည်းဆိုသည့်အချက်က ဤမြို့၏ မော်တော်ယာဉ် စက်မှုလုပ်ငန်း မည်မျှအထိ ခရီးဆက်နိုင်မည်ဆိုသည်ကို အဆုံးအဖြတ်ပေးမည့် သော့ချက်ဖြစ်ပါသည်။
စတုတ္ထမြောက် အကြီးဆုံးမြို့တော် ပြိုင်ဆိုင်မှုဆီသို့ ပြန်ကောက်ရလျှင် မော်တော်ယာဉ် စက်မှုလုပ်ငန်းသည် မြို့ကြီးနှစ်မြို့၏ တိုက်ရိုက်ယှဉ်ပြိုင်မှု နယ်ပယ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည်မှာ စက်မှု အဆောက်အအုံ၏ နက်ရှိုင်းမှုဖြစ်ပါသည်။
ကွမ်ကျိုးမြို့၏ ပိုင်ဆိုင်ထားသည့် အခွင့်အရေးမှာ မော်တော်ယာဉ် တစ်ခုတည်း မဟုတ်ပေ။ ကွမ်ကျိုး၏ ဒုတိယကဏ္ဍ (စက်မှုထုတ်လုပ်မှု) ပါဝင်မှုမှာ ၂၄ ဒသမ ၁ ရာခိုင်နှုန်း သာရှိပြီး တတိယကဏ္ဍ (ဝန်ဆောင်မှုလုပ်ငန်း) မှာ ၇၄ ဒသမ ၉ ရာခိုင်နှုန်း အထိ မြင့်မားကာ “စက်မှုနှင့် ကုန်သွယ်ရေးကို ယှဉ်တွဲဆောင်ရွက်ပြီး ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကို ပေါင်းစပ်ထားသည့်” မြို့တော်အမျိုးအစား ဖြစ်ပါသည်။ စားသုံးသူများက ဦးဆောင်သော ခေတ်ကာလတွင် ဤကဲ့သို့ စီးပွားရေး အဆောက်အအုံသည် စီးပွားရေး အနိမ့်အမြင့် သံသရာကို ခံနိုင်ရည် ပိုမိုရှိစေပါသည်။
ချုံချင်း၏ အားသာချက်မှာမူ စက်မှုစနစ်၏ ပြည့်စုံမှုတွင် တည်ရှိပါသည်။ Chang’an မှ Seres အထိ၊ ရိုးရာ စက်သုံးဆီမှသည် စမတ် လျှပ်စစ်ယာဉ်များအထိ ချုံချင်းတွင် ပြည့်စုံသော မော်တော်ယာဉ် ထုတ်လုပ်မှု ကွန်ရက် အထောက်အပံ့များ ရှိပါသည်။ FAW-GAC ပူးပေါင်းမှုနှင့် Huawei-Seres ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းမှုတို့သည် ဤရှည်လျားသော ပြိုင်ဆိုင်မှုအတွင်းရှိ မှတ်စုတို နှစ်ခုမျှသာ ဖြစ်ပါသည်။
မော်တော်ယာဉ် စက်မှုလုပ်ငန်းသည် စတုတ္ထမြောက်မြို့တော် ပြိုင်ပွဲ၏ တိုက်ရိုက်အနိုင်အရှုံး အရွေ့အပြောင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အပြီးသတ် ပိုင်ဆိုင်ခွင့်ကို အမှန်တကယ် အဆုံးအဖြတ်ပေးမည်မှာ မည်သည့်နှစ်၏ ထုတ်လုပ်မှု ကိန်းဂဏန်းမျှ မဟုတ်ဘဲ မည်သည့်မြို့က စက်မှုအဆောက်အအုံ အဆင့်မြှင့်တင်မှုကို ရှေ့ဆုံးမှ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်နည်းနှင့် မော်တော်ယာဉ် ထုတ်လုပ်မှုအပြင် ဒုတိယမြောက် စီးပွားရေး တိုးတက်မှု လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိနိုင်မည်နည်း ဆိုသည့်အချက်ပင် ဖြစ်ပါသည်။






