[latest_news_marquee]

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ် မိနစ် ၂၀ ကြာ ဆက်သွယ်ပြောဆိုခဲ့

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ် (‌ခေါ်) ကိုထိန်လင်းတို့ ယ‌နေ့ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲမှ ၂ နာရီ မိနစ် ၅၀ အချိန်အထိ မိနစ် ၂၀ ကြာ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတသည် ဧပြီ ၃၀ ရက်နေ့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာစေတနာထားသောအားဖြင့် လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့တယ်လို့ ပါရှိပါတယ်။

ထို့အပြင် ဩဂုတ် ၃ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude De Baqque နှင့်တွေ့ဆုံခွင့်ပြုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဆက်လက်၍ အောက်တိုဘာ ၁၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားလ်စ် ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာ တို့ကို ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံ ပေးအပ်ခဲ့ကြောင်းလည်း ပါရှိပါတယ်။

ယနေ့တွင်လည်း နိုင်ငံတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားမှုကို အလေး ထားသောအားဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းစဉ် များအရလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအတွင်းက ဆောင်ရွက်ပိုင်ခွင့်ရှိသော အထူးကိစ္စရပ်အနေဖြင့်လည်းကောင်း ၎င်း၏ သားဖြစ်သူနှင့် ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photos -PPIB OFFICIAL

Your Ad Here
Ad Size: 336x280 px

More News