အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) ဟာ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ပြီး အားပျော့သွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံမှာ မိုးထစ်ချုန်းရွာဦးမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် မိုးဇလပညာရှင်များက ပြောကြားထားပါတယ်။
ယနေ့ စက်တင်ဘာ ၂၈ ရက် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ် ကမ်းခြေတို့ကို ဘပတ်လမြို့(Bapatla)နှင့် ဗီဆာကာ ပတ္တနမ်မြို့ (Visakhapatnam)တို့အကြား၊ ရနမ်မြို့(Yanam) တောင်ဘက် အနီးမှ စတင်ဖြတ်ကျော်လျက်ရှိကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ မိုးဇလမှ သိရပါတယ်။
ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းတွင် နေရာအနှံ့အပြား၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ ကယားနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ အကြံပြုထားပါတယ်။
မုန်တိုင်း ARNAB သည် အိန္ဒိယဘက်သို့ ဝင်ရောက်ကာ အားလျော့သွားပြီဖြစ်သော်လည်း အောက်တိုဘာ ၂၈ နှင့် ၂၉ ရက်များ၌ မုန်တိုင်းအကြွင်းအကျန်နှင့် အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှ အရှေ့တောင်လေနှင့်အတူ တိုးဝင်လာနိုင်မည့် ရေခိုးရေငွေ့ကြွယ်ဝသော မိုးတိမ်များကြောင့် မြန်မာနိုင်ငံ တောင်ဘက်ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် အနောက်ဘက်ဒေသများတွင် မိုးအနည်းငယ်ပြန်ပိုလာနိုင်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။
Photo- မိုးဇလ






