အောက်တိုဘာ ၁၃ ရက် နံနက်တွင် သတ္တမအကြိမ်မြောက် Belt and Road Initiative Tax Administration Cooperation Forum (BRITACOF) ကို အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် ဖွင့်လှစ်ခဲ့သည်။ ဤဖိုရမ်၏ ခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ အခွန်အနာဂတ်ကို မျှဝေခံစားခြင်း” ဖြစ်ပြီး နိုင်ငံနှင့် ဒေသ ၄၀ နီးပါးမှ အခွန်ဌာနတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်း ၈ ခုနှင့် နိုင်ငံစုံကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
အင်ဒိုနီးရှား အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဘီမို ဝီဂျာယန်တိုက ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုမှ ယူဆောင်လာသော အခွင့်အလမ်းနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရာတွင် သဘောတူညီမှုကို စုစည်းကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး အခွန်စီမံခန့်ခွဲမှုကို ပိုမိုဉာဏ်ရည်ထက်မြက်စွာ ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နူရ်ကိုလီဆို အီဘနု အာမန်က BRITACOF ယန္တရားသည် အပြန်အလှန် သင်ယူခြင်း၊ အတွေ့အကြုံများ မျှဝေခြင်းနှင့် စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ခြင်းအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း၊ ပုံမှန်မူဝါဒ ဆွေးနွေးမှု၊ လုံခြုံသော သတင်းအချက်အလက် ဖလှယ်မှုနှင့် ပူးတွဲသင်တန်းများ၊ ကျွမ်းကျင်သူများ ဖလှယ်ခြင်းတို့ဖြင့် စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကာ ဒစ်ဂျစ်တယ်စီးပွားရေးမှ ယူဆောင်လာသော အခွန်စီမံခန့်ခွဲမှု ပြဿနာများကို ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နီပေါ အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဘီရှ်မာ ကုမား ဘူဆာက လက်ရှိတွင် ဉာဏ်ရည်တု၊ ကွန်ရက်တွက်ချက်မှုစသည့် နည်းပညာများက စီးပွားရေးနှင့် အခွန်လုပ်ငန်းများအပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိနေကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှု ဖြစ်ပေါ်စေရေးသည် ယခင်ကထက် ပိုမိုအရေးတကြီး လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် တရုတ်နိုင်ငံ အခွန်စီမံခန့်ခွဲမှု ဦးစီးဌာန နိုင်ငံတကာ အခွန်ဌာန ဒုတိယညွှန်ကြားရေးမှူး ဟွမ်ဆူဟွာကို BRITACOF အတွင်းရေးမှူးဌာန အတွင်းရေးမှူးချုပ်အဖြစ် ရာထူးတာဝန် လွှဲပြောင်းပေးအပ်ကြောင်း ကြေညာခဲ့သည်။
ဖိုရမ်ကာလအတွင်း BRITACOF ယန္တရားက “Belt and Road” အခွန်စီမံခန့်ခွဲမှု ထုတ်ကုန်စနစ် (၂.၀ ဗားရှင်း)၊ “Belt and Road” အခွန်ပေးဆောင်မှု ဝန်ဆောင်မှု ထုတ်ကုန်စနစ် (၂.၀ ဗားရှင်း) နှင့် “Belt and Road” အခွန်စီမံခန့်ခွဲမှုနှင့် အခွန်ပေးဆောင်မှု ဝန်ဆောင်မှု ထုတ်ကုန်စနစ် ၂၀၂၆ ခုနှစ် ထုတ်ကုန်စုစည်းမှုကို ထုတ်ပြန်မည်ဖြစ်ပြီး BRITACOF သင်တန်းများကို မွမ်းမံကာ BRITACOF နှစ်စဉ်အစီရင်ခံစာ (၂၀၂၆) ကို ထုတ်ပြန်မည် ဖြစ်သည်။
BRITACOF အခွန်စီမံခန့်ခွဲမှု စွမ်းရည် မြှင့်တင်ရေး မဟာမိတ် ဥက္ကဋ္ဌ၊ တရုတ်မကာအို ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး ဟဲယန်မေက အခွန်စီမံခန့်ခွဲမှု စွမ်းရည် ထူထောင်ရေးသည် ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံကျပြီး ရေရှည်တည်တံ့သော လုပ်ငန်းဖြစ်ကြောင်း၊ မဟာမိတ်အနေဖြင့် “ပုံမှန်သင်တန်းများ၊ စံပြသင်ရိုးများ၊ ကျွမ်းကျင်သော ဆရာများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” ဟူသော ရည်မှန်းချက် လေးရပ်ကို အာရုံစိုက်ကာ ၂၀၂၅ ခုနှစ် စက်တင်ဘာလနောက်ပိုင်းမှစ၍ သင်တန်း ၄၀ ကြိမ်ကျော် ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
BRITACOF ယန္တရားကို ၂၀၁၉ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံက ဦးဆောင်စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၃၈ ခုနှင့် လေ့လာသူ ၃၀ ခု ရှိသည်။ သတ္တမအကြိမ်မြောက် ဖိုရမ်ကို အင်ဒိုနီးရှား အခွန်ဦးစီးဌာနက အိမ်ရှင်အဖြစ် ကျင်းပပြီး သုံးရက်ကြာ အစီအစဉ်တွင် တက်ရောက်လာသူများက အခွန်စီမံခန့်ခွဲမှု ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှု၊ အခွန်ပေးဆောင်မှု ဝန်ဆောင်မှု အဆင်ပြေချောမွေ့စေရေး၊ စွမ်းရည် မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုစသည့် ကိစ္စရပ်များကို နက်ရှိုင်းစွာ ဆွေးနွေးသွားမည် ဖြစ်သည်။
BeltandRoadInitiative, BRI, Tax, BRITACOF, အင်ဒိုနီးရှား, ဂျကာတာ, ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှု,






