ဥရောပ မြို့ကြီးများ၏ လမ်းမများပေါ်တွင် တရုတ်အမှတ်တံဆိပ် ကားများကို ပိုမိုမြင်တွေ့လာရပြီဖြစ်ပါသည်။
ဈေးကွက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Dataforce ၏ အချက်အလက်များကို ကိုးကား၍ Bloomberg က ဖော်ပြရာတွင် ယခုနှစ် ဩဂုတ်လ၌ ဥရောပ မော်တော်ယာဉ်သစ် ဈေးကွက်တွင် တရုတ်မော်တော်ယာဉ် အမှတ်တံဆိပ်များ၏ ဝေစုသည် ၁၂ ရာခိုင်နှုန်းနီးပါးအထိ ရောက်ရှိခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရပါသည်။
ဝါရင့်မော်တော်ယာဉ် စက်မှုလုပ်ငန်းအင်အားကြီးနိုင်ငံ ဖြစ်သည့် ဂျာမနီတွင်ပင် တရုတ်ကားများ စတင် နေရာယူလာနေပြီ ဖြစ်ပါသည်။
တရုတ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေးတက္ကသိုလ်မှ ပါမောက္ခ၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ သုတေသနအဖွဲ့၏ တရုတ်-ဂျာမနီ စီးပွားရေးနှင့် ကုန်သွယ်ရေး သုတေသနဗဟိုဌာန ညွှန်ကြားရေးမှူး Shi Shiwei သည် တရုတ်နှင့် ဂျာမနီနှစ်နိုင်ငံသို့ မကြာခဏ သွားရောက်သူဖြစ်ပါသည်။ ယခင်က ဘာလင်မြို့တွင် တရုတ်ကားများကို တွေ့ရခဲသော်လည်း ယခုနှစ်ပိုင်းအတွင်း သိသိသာသာ ပိုမိုများပြားလာကြောင်း ၎င်းက “San Li He” သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
Dataforce ၏ အချက်အလက်များအရ ဩဂုတ်လတွင် ဥရောပ၏ အကြီးဆုံး မော်တော်ယာဉ်ဈေးကွက်ဖြစ်သော ဂျာမနီတွင် တရုတ်အမှတ်တံဆိပ်များ၏ ဈေးကွက်ဝေစုသည် ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါသည်။
ဥရောပတွင်သုံးစွဲသူအရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ တရုတ်ကားများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မှာ တကယ်ပင် သဘောကျစရာကောင်းလှသည်ကို သတိပြုမိလာကြပါသည်။
ဈေးကွက်ဝေစု စံချိန်သစ်တင်နိုင်ခဲ့ခြင်း၏ နောက်ကွယ်တွင် ဥရောပမော်တော်ယာဉ်ဈေးကွက်သည် လမ်းကြောင်းပြောင်းလဲမှု အရှိန်မြှင့်တင်နေခြင်းကြောင့်လည်း ဖြစ်ပါသည်။
ဩဂုတ်လတွင် ဥရောပသမဂ္ဂ၌ မော်တော်ယာဉ်သစ် မှတ်ပုံတင်မှုသည် နှစ်အလိုက် ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သော်လည်း ဈေးကွက်ကို အဓိက တွန်းအားပေးနေသည်မှာ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ ဖြစ်ကြပါသည်။ လျှပ်စစ်သီးသန့် (EV)၊ ပလပ်ထိုး ဟိုက်ဘရစ် (PHEV) နှင့် သာမန်ဟိုက်ဘရစ် (HEV) မော်တော်ယာဉ်များ မှတ်ပုံတင်မှုသည် ၅၂ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ အသီးသီး တိုးတက်လာခဲ့ပြီး မော်တော်ယာဉ်သစ် မှတ်ပုံတင်မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ ရှိခဲ့ပါသည်။
“စက်သုံးဆီဈေးနှုန်း မြင့်မားမှု၊ ဥရောပက ချမှတ်ထားတဲ့ ၂၀၃၅ ခုနှစ်မှာ စက်သုံးဆီသုံး ကားများ ရောင်းချမှု ပိတ်ပင်မည့် တရားဝင် ပန်းတိုင်နဲ့ နိုင်ငံအတော်များများက အစိုးရတွေရဲ့ လျှပ်စစ်ကား ဝယ်ယူမှု ထောက်ပံ့ကြေးပေးတာတွေကြောင့် ဥရောပသားတွေဟာ လျှပ်စစ်မော်တော်ယာဉ်တွေဆီ အာရုံစိုက်လာကြတာ ဖြစ်ပါတယ်” ဟု ပါမောက္ခ Shi Shiwei က ပြောကြားခဲ့ပါသည်။
ဂျာမနီနိုင်ငံကို ဥပမာပြရလျှင် ယခုနှစ် ဇန်နဝါရီလတွင် ဂျာမနီအစိုးရက လျှပ်စစ်မော်တော်ယာဉ် အသစ်ဝယ်ယူသည့် မိသားစုများကို ယူရို ၆,၀၀၀ အထိ ထောက်ပံ့ကြေးပေးမည်ဟု ကြေညာခဲ့ပါသည်။
အရှေ့အလယ်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုများကြောင့် နိုင်ငံတကာ စက်သုံးဆီဈေးနှုန်းသည် တစ်ပီပါလျှင် အမေရိကန်ဒေါ်လာ ၅၀ ကျော်မှ ၁၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ပြီး စက်သုံးဆီသုံး ကားများ၏ အသုံးပြုမှုစရိတ်ကို ပိုမိုမြင့်တက်စေခဲ့ပါသည်။
သို့သော် ပို၍ အရေးကြီးသည့်အချက်မှာ တရုတ်မော်တော်ယာဉ်များသည် ဥရောပ မော်တော်ယာဉ်ဈေးကွက်၏ ပြောင်းလဲလာသော အဓိကလိုအပ်ချက်များဖြစ်သည့် ဈေးနှုန်း၊ နည်းပညာနှင့် သုံးစွဲသူအတွေ့အကြုံတို့ကို ကောင်းစွာ ဖြည့်ဆည်းပေးနိုင်ခြင်းပင်ဖြစ်ပါသည်။
ယခုနှစ် ဧပြီလမှ ဩဂုတ်လအထိ ဥရောပ မော်တော်ယာဉ်သစ် ဈေးကွက်တွင် တရုတ် အမှတ်တံဆိပ်များ၏ ဝေစုသည် ၅ လဆက်တိုက် မြင့်တက်လာခဲ့ပြီး စံချိန်အသစ်များကို ဆက်တိုက် တင်နိုင်ခဲ့ကာ ဧပြီလတွင် ၉ ဒသမ ၈ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၀ ရာခိုင်နှုန်းကျော်၊ ဇူလိုင်လတွင် ၁၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဩဂုတ်လတွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာခဲ့ပါသည်။
တရုတ် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများသည် ဘက်ထရီ၊ လျှပ်စစ်မော်တာစနစ်၊ စမတ် ကားတွင်းနည်းပညာနှင့် ယာဉ်မောင်းအကူစနစ် စသည့် ကဏ္ဍများတွင် လျင်မြန်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ကြပါသည်။ ပြီးပြည့်စုံသော စက်မှုထုတ်လုပ်မှု ကွင်းဆက်နှင့် စကေးကြီးမားစွာ ထုတ်လုပ်နိုင်မှုတို့ကြောင့် ဥရောပဈေးကွက်သို့ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်ကျစရိတ် သက်သာသည့် ကားများကို တင်သွင်းလာနိုင်ခဲ့ပါသည်။
Bernstein အဖွဲ့အစည်းက စက်မှုလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်များကို စာရင်းဇယားကောက်ယူမှုအပေါ် ကိုးကား၍ ဖော်ပြသည်မှာ စာရင်းကောက်ယူမှုတွင် ပါဝင်သူအများစုက တရုတ်ထုတ်လုပ်သူများသည် လျှပ်စစ်မော်တော်ယာဉ် နည်းပညာပိုင်း၌ အနောက်နိုင်ငံများထက် ၅ နှစ်ခန့် ရှေ့ရောက်နေသည်ဟု သုံးသပ်ထားကြပါသည်။
ရောင်းအားများ မြင့်တက်လာခြင်းနှင့်အမျှ စားသုံးသူများ၏ အသိအမှတ်ပြုမှုသည်လည်း ထင်ရှားလာပါသည်။ McKinsey က ယခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်သည့် ဥရောပရှိသုံးစွဲသူများအပေါ် စာရင်းဇယား ကောက်ယူမှုအရ ဈေးနှုန်းတန်ဖိုးမျှတမှု၊ တီထွင်ဆန်းသစ်နိုင်စွမ်းနှင့် အဆင့်မြင့် ယာဉ်မောင်းအကူစနစ် အစရှိသည့် နည်းပညာဆိုင်ရာ အားသာချက်များသည် စားသုံးသူများ တရုတ် အမှတ်တံဆိပ်များကို အာရုံစိုက်ရသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း သိရပါသည်။
ဥရောပ သုံးစွဲသူများ၏ ၅၄ ရာခိုင်နှုန်းက တရုတ်မော်တော်ယာဉ် အမှတ်တံဆိပ်များသည် လျှပ်စစ်သီးသန့် (EV) နည်းပညာတွင် ဦးဆောင်နေသည်ဟု ယူဆကြပြီး ၄၀ ရာခိုင်နှုန်းက ပလပ်ထိုးဟိုက်ဘရစ် (PHEV) နည်းပညာတွင် ဦးဆောင်နေသည်ဟု ယူဆကြပါသည်။
ထို့ကြောင့် စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ခုမှာ တရုတ်ကားများ ဥရောပဈေးကွက်တွင် လျင်မြန်စွာ ထိုးဖောက်နိုင်ခဲ့သည်မှာ လျှပ်စစ်သီးသန့် (EV) တစ်ခုတည်းကြောင့် မဟုတ်ပါ။ ဩဂုတ်လတွင် ဥရောပဈေးကွက်၏ ဟိုက်ဘရစ်ကား ရောင်းအားစုစုပေါင်း၏ လေးပုံတစ်ပုံကို တရုတ်အမှတ်တံဆိပ်များက ပိုင်ဆိုင်ခဲ့ပြီး ပလပ်ထိုးဟိုက်ဘရစ် (PHEV) ရောင်းအားတွင်မူ သုံးပုံတစ်ပုံအထိ ရှိခဲ့ပါသည်။
ယင်း၏ နောက်ကွယ်တွင် ဈေးကွက်အကြောင်းရင်းနှင့် မူဝါဒအကြောင်းရင်း နှစ်ခုစလုံး ပါဝင်နေပါသည်။ တစ်ဖက်တွင် လျှပ်စစ်မောင်းနှင်နိုင်သည့် အကွာအဝေးနှင့် အားသွင်းစနစ် တည်ဆောက်မှုများကို စိုးရိမ်နေကြသည့် ဥရောပစားသုံးသူများအတွက် ဟိုက်ဘရစ်ကားများသည် လက်ခံရလွယ်ကူသော ကူးပြောင်းရေး နည်းလမ်းတစ်ခု ဖြစ်စေခဲ့ပါသည်။
အခြားတစ်ဖက်တွင်လည်း ပလပ်ထိုးဟိုက်ဘရစ် (PHEV) ကားများသည် ဥရောပသမဂ္ဂက တရုတ်နိုင်ငံထုတ် လျှပ်စစ်သီးသန့်ကားများအပေါ် သီးသန့်ကောက်ခံသည့် အခွန်တိုးမြှင့်မှုများကို ရှောင်ရှားနိုင်ခဲ့ပါသည်။ သို့သော်လည်း ဂျာမနီအပါအဝင် ဥရောပသမဂ္ဂ နိုင်ငံအချို့သည် ထိုကန့်သတ်ချက်များကို PHEV ကဏ္ဍသို့ပါ တိုးချဲ့ကန့်သတ်ရန် စဉ်းစားလျက်ရှိပါသည်။
“ကုန်သွယ်ရေး ကန့်သတ်တာတွေဟာ ဥရောပရဲ့ စက်မှုလုပ်ငန်း တိုးတက်မှုကို အမှန်တကယ် မတွန်းအားပေးနိုင်ပါဘူး။ တင်သွင်းမှုကို ကန့်သတ်တာက ဥရောပ မော်တော်ယာဉ်စက်မှုလုပ်ငန်းရဲ့ ပင်မပြဿနာတွေဖြစ်တဲ့ ကုန်ကျစရိတ်ကြီးမားတာ၊ ပေးပို့မှု နှေးကွေးတာ၊ စက်သုံးဆီ မော်တော်ယာဉ် စက်မှုလုပ်ငန်းအပေါ် အစဉ်အလာ စွဲကိုင်ထားမှုနဲ့ စမတ် နည်းပညာပိုင်း နောက်ကျနေတာတွေကို မဖြေရှင်းနိုင်ပါဘူး။ ဒါတွေဟာ ဥရောပရဲ့ အမှန်တကယ် ပြဿနာတွေဖြစ်ပါတယ်” ဟု ပါမောက္ခ Shi Shiwei က ထောက်ပြခဲ့ပါသည်။
အမှန်တကယ် ယှဉ်ပြိုင်ရမည်မှာ နောက်ဆုံးတွင် စက်မှုလုပ်ငန်း၏ အနှစ်သာရဆီသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။
ဥရောပ မော်တော်ယာဉ်ထုတ်လုပ်သူများအတွက်မူ ကုန်ကျစရိတ် မည်သို့လျှော့ချမည်၊ အကျိုးထိရောက်မှုကို မည်သို့မြှင့်တင်မည်၊ လျှပ်စစ်နှင့် စမတ်နည်းပညာဆိုင်ရာ အကူးအပြောင်းကို မည်သို့အရှိန်မြှင့်မည်ဆိုသည်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး တရုတ်မော်တော်ယာဉ် ထုတ်လုပ်သူများအတွက်လည်း ဥရောပဈေးကွက်၏ စိန်ခေါ်မှုများသည် ပြီးဆုံးမသွားသေးပေ။
McKinsey ၏ လေ့လာဆန်းစစ်ချက်အရ ဥရောပစားသုံးသူများသည် တရုတ်ကားများကို စိတ်ဝင်စားမှု ပိုမိုများပြားလာသော်လည်း ကုန်အမှတ်တံဆိပ် သိရှိနားလည်မှု၊ အရောင်းအဝယ်ပြီးနောက် ဝန်ဆောင်မှုပေးခြင်း (After-sales service) နှင့် ဖြန့်ဖြူးရေး ကွန်ရက် တည်ဆောက်ခြင်း အစရှိသည့် ကဏ္ဍများတွင် တရုတ် အမှတ်တံဆိပ်များအနေဖြင့် ဖြည့်ဆည်းရန် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရပါသည်။
ဈေးကွက် ပြောင်းလဲနေပါသည်၊ ကိန်းဂဏန်းများ ပြောင်းလဲနေပါသည်၊ စည်းမျဉ်းများလည်း ပြောင်းလဲနေပါသည်၊ သို့သော် စားသုံးသူများသည် မိမိတို့နှင့် ပိုမိုသင့်တော်သော ထုတ်ကုန်များကို အမြဲတမ်း ရွေးချယ်ဝယ်ယူကြမည် ဖြစ်ပါသည်။
စံချိန်တင် ရောင်းအားသည် စတင်ခြင်းမျှသာ ဖြစ်ပြီး တရုတ်မော်တော်ယာဉ်များအတွက် အရေးကြီးသည်မှာ ဈေးကွက်ချဲ့ထွင်မှု အရှိန်အဟုန်တစ်ခုတည်း မဟုတ်ဘဲ အမှတ်တံဆိပ်၏ ရေရှည် ရပ်တည်နိုင်စွမ်း နှင့် ရေရှည် ကြံ့ခိုင်နိုင်စွမ်းပင် ဖြစ်ပါသည်။






