တရုတ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင် အခင်းအကျင်းမှာ ကြီးမားစွာ ပြောင်းလဲလျက်ရှိပြီး အမျိုးသား စွမ်းအင်ညွှန်ကြားမှုဦးစီးဌာန၏ နောက်ဆုံးရ စာရင်းများအရ ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်အထိ တရုတ်နိုင်ငံ၏ ဆိုလာလျှပ်စစ်ထုတ်လုပ်မှု တပ်ဆင်ပမာဏ (Installed Capacity) မှာ ၁ ဒသမ ၂၈၆ ဘီလီယံ ကီလိုဝပ်အထိ ရောက်ရှိလာခဲ့ပါသည်။ ထို့ကြောင့် ဆိုလာစွမ်းအင်သည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထက် ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့ပြီး တရုတ်နိုင်ငံ၏ တပ်ဆင်ပမာဏ အကြီးမားဆုံး လျှပ်စစ်ဓာတ်အားအရင်းအမြစ် ဖြစ်လာခဲ့ပါသည်။
၂၀၂၆ ခုနှစ် နှစ်ဝက်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှု အချိုးအစားသည် ပထမဆုံးအကြိမ် ၅၀ ရာခိုင်နှုန်းအောက် လျော့နည်းသွားခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်မှုမှာ ၄၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိခဲ့ပြီးနောက် စွမ်းအင်ကဏ္ဍ အစိမ်းရောင်နှင့် ကာဗွန်လျှော့ချရေး ကူးပြောင်းမှုတွင် အရေးပါသော အလှည့်အပြောင်းတစ်ခုကို ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
၁ ဒသမ ၂၈၆ ဘီလီယံ ကီလိုဝပ်ဆိုသည့် ပမာဏသည် Three Gorges Dam ရေအားလျှပ်စစ်စက်ရုံ ၅၇ ခု၏ တပ်ဆင်ပမာဏနှင့် ညီမျှပါသည်။ ဇူလိုင်လကုန်အထိ ကိန်းဂဏန်းများအရ တစ်နိုင်ငံလုံး၏ စုစုပေါင်း လျှပ်စစ်ဓာတ်အား တပ်ဆင်ပမာဏမှာ ၄ ဒသမ ၀၈ ဘီလီယံ ကီလိုဝပ်ရှိရာ ဆိုလာစွမ်းအင် တပ်ဆင်ပမာဏသည် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပြီး ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများအားလုံး၏ စုစုပေါင်း ဆိုလာတပ်ဆင်ပမာဏထက်ပင် ပိုမိုများပြားနေပြီဖြစ်ပါသည်။
အနောက်မြောက်ဘက်ရှိ ကျယ်ပြောလှသော သဲကန္တာရများမှသည် အရှေ့ဘက် ကမ်းရိုးတန်းရှိ စက်ရုံခေါင်မိုးများအထိ ဆိုလာစွမ်းအင်သည် မကြုံစဖူး လျှင်မြန်သော နှုန်းထားဖြင့် နေရာတိုင်းသို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပြီး ဆိုလာစွမ်းအင်ကဏ္ဍ၏ ရလဒ်မှာ အလွန်ပင် ကောင်းမွန်လျက်ရှိပါသည်။
ယခင်က ပြည်တွင်းရှိ ဆိုလာစက်မှုလုပ်ငန်းသည် ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် ဈေးကွက် (၃) ခုစလုံး ပြည်ပကို မှီခိုနေရသည့် အခက်အခဲရှိသော အဆင့်ကို ဖြတ်သန်းခဲ့ရဖူးပြီး ယခုအခါ ၁၀ စုနှစ်တစ်ခုကျော် တိုးတက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြည့်စုံဆုံးနှင့် ယှဉ်ပြိုင်နိုင်စွမ်း အကောင်းဆုံး ဆိုလာစက်မှုကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် အသုံးပြုနေသည့် ဆိုလာပြား (Solar Module) ၁၀ ချပ်တွင် ၈ ချပ်မှာ တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး နည်းပညာ တိုးတက်မှုကြောင့် ထုတ်လုပ်မှုစရိတ်များ သိသိသာသာ လျော့ကျသွားစေခဲ့ကာ ဆိုလာလျှပ်စစ် ထုတ်လုပ်မှုစရိတ်သည် ရိုးရာစွမ်းအင် အများစုထက်ပင် သက်သာသွားခဲ့ပြီဖြစ်ပါသည်။
တရုတ်နိုင်ငံအတွက် ဆိုလာစွမ်းအင်ကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်တင် မကဘဲ နိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် စက်မှုယှဉ်ပြိုင်နိုင်စွမ်းတို့နှင့် သက်ဆိုင်သည့် နက်ရှိုင်းသော မဟာဗျူဟာမြောက် စီမံကိန်း ရေးဆွဲမှု ရှိနေပါသည်။
တရုတ်နိုင်ငံသည် စွမ်းအင်အများအပြား သုံးစွဲသည့် နိုင်ငံဖြစ်သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်ပါသည်။ ပထဝီနိုင်ငံရေး မတည်ငြိမ်သည့် ယနေ့ခေတ်တွင် စွမ်းအင်လုံခြုံရေးကို မိမိလက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ရေးမှာ မည်သည့်အချိန်နှင့်မျှ မတူအောင် အရေးကြီးလာပါသည်။
ဆိုလာစွမ်းအင်သည် ပြည်ပမှ မည်သည့်စွမ်းအင်ကိုမျှ တင်သွင်းရန် မလိုဘဲ ကုန်ဆုံးနိုင်ခြင်းမရှိသည့် နေရောင်ခြည်သည် အလုံခြုံဆုံးသော “ပြည်တွင်းသယံဇာတ” ဖြစ်ပါသည်။
စက်မှုစီးပွား ယှဉ်ပြိုင်မှု ရှုထောင့်မှကြည့်လျှင် လျှပ်စစ်ကားများ၊ လီသီယမ်ဘက်ထရီများနှင့် ဆိုလာဆဲလ်တို့သည် တရုတ်နိုင်ငံ ပို့ကုန်၏ “ဆန်းသစ်သော မဏ္ဍိုင်သုံးရပ်” ဖြစ်လာပြီး ပြည်ပကုန်သွယ်ရေးနှင့် စီးပွားရေးကြီးထွားမှုကို တွန်းအားပေးသည့် သန်မာသော အင်ဂျင်များ ဖြစ်လာခဲ့ပါသည်။
သို့သော် တပ်ဆင်ထုတ်လုပ်နိုင်မှုပမာဏ သမိုင်းဝင်ကျော်လွန်သွားခြင်းသည် လမ်းဆုံးမဟုတ်သေးပေ။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ တရုတ်နိုင်ငံ၏ ဆိုလာလျှပ်စစ်ထုတ်လုပ်မှုသည် တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု၏ ၁၃ ရာခိုင်နှုန်းအထိ ရှိလာသော်လည်း ကျောက်မီးသွေးသုံး လျှပ်စစ်၏ အဓိကထောက်ပံ့ပေးနိုင်မှုနှင့် ယှဉ်လျှင် ကွာခြားချက် ရှိနေပါသေးသည်။
ရာသီဥတုပေါ်မူတည်၍ ပုံမှန်မဟုတ်ခြင်းနှင့် အတက်အကျရှိခြင်းတို့သည် ဆိုလာစွမ်းအင်၏ ပကတိရှိနေသည့် အားနည်းချက်များဖြစ်ပါသည်။
ကျွမ်းကျင်သူများ ထောက်ပြသကဲ့သို့ ယနေ့ တရုတ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင် အခင်းအကျင်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်သည် ကွင်းပြင်ပသို့ ထွက်ခွာသွားခြင်းမဟုတ်ဘဲ အခန်းကဏ္ဍ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ ယခင်က “အဓိကစွမ်းအင်” အဖြစ်မှ လျှပ်စစ်ဓာတ်အားစနစ်ကို လိုအပ်သလို လိုက်လျောညီထွေ ထိန်းညှိပေးသည့် “ကျောထောက်နောက်ခံ အဓိကဒေါက်တိုင်” အဖြစ်သို့ ကူးပြောင်းနေခြင်းဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားစနစ်၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အာမခံနိုင်သည့် အခြေအနေအောက်တွင် ဆိုလာအပါအဝင် စွမ်းအင်သစ်များ၏ အသုံးချနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးရန်မှာ အနာဂတ်၏ အရေးကြီးသော ခေါင်းစဉ်တစ်ခုဖြစ်ပါသည်။ အကြောင်းမှာ စွမ်းအင်ကူးပြောင်းမှု၏ အောင်မြင်မှုကို အမှန်တကယ် ဆုံးဖြတ်သည်မှာ လျှပ်စစ်ဓာတ်အားရင်းမြစ်တစ်ခုတည်း၏ တပ်ဆင်ပမာဏ ကိန်းဂဏန်းမဟုတ်ဘဲ လျှပ်စစ်ဓာတ်အားစနစ် တစ်ခုလုံး၏ “ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်ရှိမှု” သာ ဖြစ်ပါသည်။
မကြာသေးမီက “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုစာတမ်းတွင် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ စိတ်ချအားထားရသော အထွေထွေ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း ပမာဏအသစ်ကို ကီလိုဝပ် သန်း ၃၀၀ အထိ တိုးမြှင့်သွားမည်ဟု ဖော်ပြထားပါသည်။ အာရုံစိုက်ဖွယ် နောက်ထပ်ဖော်ပြချက်တစ်ခုမှာ “တရုတ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် ပမာဏတိုးချဲ့ခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်း၊ စိတ်ချရသော အစားထိုးမှုပြုလုပ်ခြင်း စသည့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ဝင်ရောက်မည်” ဆိုသည့် အချက်ဖြစ်ပါသည်။
ယင်း၏ အဓိပ္ပာယ်မှာ မူဝါဒ ဦးတည်ချက်သည် “မည်မျှ တပ်ဆင်ထားသနည်း” ဆိုသည်မှ “အရေးကြီးချိန်တွင် အမှန်တကယ် အားကိုးရပါသလား” ဆိုသည်သို့ ပြောင်းလဲသွားခြင်းကို ဆိုလိုပါသည်။
ပိုမို ရေရှည်ကျသော စီမံကိန်း ရေးဆွဲမှုမှာ “ကွန်ရက် ၆ ခု” တည်ဆောက်ရေးဖြစ်ပါသည်။ ရေကွန်ရက်၊ စွမ်းအင်သစ် လျှပ်စစ်ကွန်ရက်၊ ကွန်ပျူတာတွက်ချက်မှုဆိုင်ရာ ကွန်ရက်၊ မျိုးဆက်သစ် ဆက်သွယ်ရေးကွန်ရက်၊ မြို့ပြမြေအောက် ပိုက်လိုင်းကွန်ရက်နှင့် ကုန်စည်ပို့ဆောင်ရေး ကွန်ရက်တို့၏ စီမံကိန်းများသည် နက်ရှိုင်းစွာ ပေါင်းစပ်ထားပါသည်။
စွမ်းအင်လုံခြုံရေး၏ အုတ်မြစ်အဖြစ် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလအတွင်း စွမ်းအင်သစ် လျှပ်စစ်ကွန်ရက်အတွက် ယွမ် ၅ ထရီလီယံ ကျော် ရင်းနှီးမြှုပ်နှံရန် လျာထားပါသည်။
လျှပ်စစ်ဓာတ်အားကို သယ်ယူပို့ဆောင်ပေးရုံမျှသာ ဆောင်ရွက်သည့် ရိုးရာဓာတ်အားလိုင်းများနှင့် မတူဘဲ စွမ်းအင်သစ် လျှပ်စစ်ကွန်ရက်သည် စွမ်းအင်လုံခြုံရေးကို အာမခံပေးသည့် “ဗဟိုအာရုံကြောစနစ်” ဖြစ်လာမည်ဖြစ်ပြီး စိမ်းလန်းသော လျှပ်စစ်ဓာတ်အားများကို ထိရောက်စွာ လက်ခံခြင်း၊ ပို့ဆောင်ခြင်းနှင့် အသုံးချခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
တရုတ်နိုင်ငံအတွက်မူ အနာဂတ်နှင့် သက်ဆိုင်သော နက်ရှိုင်းသည့် အပြောင်းအလဲကြီးတစ်ခုသည် အရှိန်အဟုန်ဖြင့် စတင်နေပြီဖြစ်ပါသည်။
သတင်းအရင်းအမြစ် : San Li He






