စက်တင်ဘာ ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း နိုင်ငံအဆင့် ဗဟိုပြုစီမံကွပ်ကဲ၍ တည်ဆောက်ခဲ့သော ပထမဆုံး မြစ်နှင့်ပင်လယ်ကို ချိတ်ဆက်ပေးသည့် “ဖင်းလု တူးမြောင်း” (Pinglu Canal) ကို တရားဝင် စတင်ဖွင့်လှစ်ပြေးဆွဲခဲ့သည့်အတွက် “မြစ်ကြီး” တစ်စင်း ထပ်မံတိုးပွားလာခဲ့သလိုပင် ဖြစ်ပါသည်။
ဆွန်ယက်ဆင်၏ “နိုင်ငံတော် တည်ဆောက်ရေး မဟာဗျူဟာ” (The International Development of China) ပါ စိတ်ကူးအယူအဆမှသည် လက်တွေ့အကောင်အထည် ပေါ်လာသည်အထိ ရာစုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီးနောက် ဤရေကြောင်းလမ်းသည် ကွမ်ရှီး (Guangxi) တွင် ထင်ရှားသော မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ရေကြောင်းလမ်း ပွင့်သွားသည်နှင့်အမျှ အခင်းအကျင်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ လွန်ခဲ့သောကာလများက တရုတ်နိုင်ငံ အနောက်တောင်ဘက် အတွင်းပိုင်းဒေသ တစ်ခုလုံးသည် “မြစ်နှင့်နီးသော်လည်း ပင်လယ်သို့ထွက်ရန် ခက်ခဲသော ပထဝီအနေအထား အဟန့်အတားကြောင့် အရင်းအမြစ်များ ကြွယ်ဝပြီး စက်မှုအခြေခံကောင်းမွန်သော်လည်း စီးပွားရေးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၁,၆၀၀ ကျော်ရှိသည့် ကွမ်ရှီးဒေသသည် ပင်လယ်ရေကြောင်း ထုတ်လုပ်မှုတန်ဖိုးမှာ ဒေသတွင်း စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၀ ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေ။
ပေပုပင်လယ်ကွေ့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအတွက် အနီးဆုံး ပင်လယ်ထွက်ပေါက် ဖြစ်သော်လည်း “မြစ်နှင့်ပင်လယ်ကို တိုက်ရိုက်ချိတ်ဆက်ပေးသော” ဒေါင်လိုက်လမ်းကြောင်း မရှိခဲ့သည့်အတွက် ကုန်ပစ္စည်းများ ပင်လယ်သို့ထွက်ရန် ကွမ်တုံး-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသမှတစ်ဆင့် ကီလိုမီတာ ရာပေါင်းများစွာ ကွေ့ဝိုက်သွားရောက်ခဲ့ရပါသည်။
ယခုအခါ လေးနှစ်ကြာ တည်ဆောက်ခဲ့ပြီး စုစုပေါင်းအရှည် ၁၃၄ ဒသမ ၂ ကီလိုမီတာရှိသော ဤတူးမြောင်း ဖွင့်လှစ်လိုက်ခြင်းကြောင့် ထိုအခြေအနေကို လုံးဝပြောင်းလဲပစ်လိုက်ပြီ ဖြစ်ပါသည်။
မြောက်ဘက်တွင် ရှီးကျန်း (Xijiang) မြစ်ရေစနစ်နှင့် ချိတ်ဆက်ပြီး တောင်ဘက်တွင် ပေပုပင်လယ်ကွေ့သို့ ဆက်သွယ်ပေးထားသည့် ဖင်းလုတူးမြောင်းသည် ဇူးကျန်း-ရှီးကျန်း (Pearl River-Xijiang) ၏ ဒုတိယမြောက် ပင်လယ်ထွက် ရေကြောင်းလမ်းကို ဖွင့်လှစ်ပေးလိုက်ရာ တရုတ်အနောက်တောင်ပိုင်းဒေသအတွက် မူလရှိပြီးသား အရှေ့ဘက် ပင်လယ်ထွက်လမ်းကြောင်းအပြင် တောင်ဘက် ပေပုပင်လယ်ကွေ့သို့ တိုက်ရိုက်သွားရောက်နိုင်သည့် ရေလမ်းကြောင်းသစ်တစ်ခု တိုးပွားလာခဲ့ပါသည်။ ထို့အပြင် ဖင်းလုတူးမြောင်းကို ပြည်တွင်းရေကြောင်း အဆင့်-၁ စံချိန်စံညွှန်းဖြင့် တည်ဆောက်ထားပြီး တန်ချိန် ၅,၀၀၀ အထက် သင်္ဘောများ သွားလာနိုင်သဖြင့် ယနေ့အထိ ပြည်တွင်း၌သာမက ကမ္ဘာပေါ်တွင်ပါ မြစ်နှင့်ပင်လယ် ချိတ်ဆက်မှု အဆင့်အမြင့်ဆုံး တူးမြောင်း ဖြစ်ပါသည်။
တရားဝင်ထုတ်ပြန်ချက်များအရ ရေကြောင်းလမ်း ဖွင့်လှစ်ပြီးနောက် အနောက်တောင်ပိုင်းဒေသမှ ကုန်ပစ္စည်းများ တူးမြောင်းမှတစ်ဆင့် ပင်လယ်သို့ထွက်ရာတွင် မူလလမ်းကြောင်းထက် ပြည်တွင်းရေကြောင်းခရီး ၅၆၀ ကီလိုမီတာကျော် တိုတောင်းသွားမည်ဖြစ်ပြီး ဘက်စုံသယ်ယူပို့ဆောင်ရေးစရိတ် ၁၈ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ကာ တစ်နှစ်လျှင် လူမှုအဖွဲ့အစည်းတစ်ရပ်လုံးအတွက် သယ်ယူပို့ဆောင်ရေးစရိတ် ယွမ် ၅ ဘီလီယံကျော် သက်သာစေမည်ဖြစ်ပါသည်။
ဤကိန်းဂဏန်းများ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ရေကြောင်းပို့ဆောင်ရေး မြေပုံကို အခြေခံကျကျ ပြန်လည်ရေးဆွဲလိုက်ခြင်းဖြစ်ပြီး အနောက်တောင်ပိုင်းမှ ပင်လယ်ထွက်ပေါက်သည် အရှေ့နှင့် တောင် နှစ်ဘက်စလုံးသို့ ပြိုင်တူ တိုးချဲ့သည့် အနေအထားသို့ ပြောင်းလဲသွားခဲ့ပါသည်။
တူးမြောင်းတစ်ခုသည် တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေး စင်္ကြံသစ် (New Western Land-Sea Corridor) ၏ “ရေကြောင်းပို့ဆောင်ရေး အားနည်းချက်” ကို ဖြည့်ဆည်းပေးလိုက်ပြီး ရထားလမ်းကွန်ရက်များကလည်း ချိတ်ဆက်မှု ပိုမိုမြန်ဆန်လာနေပါသည်။ ချိန်တူး (Chengdu)၊ ချုံချင့် (Chongqing)၊ ဟွိုင်ဟွာ (Huaihua) စသည့် ဒေသများတွင် ရထား-ရေကြောင်း ပေါင်းစပ်သယ်ယူပို့ဆောင်ရေး ရထားလိုင်းများ စတင်ပြေးဆွဲနေပြီဖြစ်ရာ အလယ်နှင့် အနောက်ပိုင်း အတွင်းပိုင်းဒေသများသည် အာဆီယံသို့ တိုက်ရိုက်သွားရောက်နိုင်သည့် ပင်လယ်ထွက် လမ်းကြောင်းကြီးကို ပိုင်ဆိုင်လိုက်ပြီ ဖြစ်ပါသည်။
ဟွမ်ပိုင် (Huangbai) ရထားလမ်းကို ၂၀၂၈ ခုနှစ်တွင် အပြီးတည်ဆောက်ဖွင့်လှစ်ရန် ခန့်မှန်းထားပြီး ထိုအချိန်တွင် ကွေ့ကျိုး (Guizhou) စသည့် ဒေသများမှ ကုန်ပစ္စည်းများသည် ရထား-ရေကြောင်း ပေါင်းစပ်သယ်ယူပို့ဆောင်ရေးဖြင့် ဖင်းလုတူးမြောင်းမှတစ်ဆင့် ပင်လယ်သို့ထွက်ခွာနိုင်မည်ဖြစ်ရာ စွမ်းဆောင်ရည်မြင့်မားပြီး တည်ငြိမ်သော ပင်လယ်ထွက် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းသစ်တစ်ခု ထပ်မံတိုးပွားလာမည်ဖြစ်ပါသည်။
ဒေသတွင်း အမြင်ထက် ပိုမိုကျယ်ပြန့်စွာ ကြည့်ရှုမည်ဆိုပါက ဤရေကြောင်းတူးမြောင်း၏ မဟာဗျူဟာမြောက် အရေးပါမှုသည် ပိုမိုလေးနက်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဖင်းလုတူးမြောင်းသည် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative) နှင့် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်လမ်း ကုန်သွယ်ရေး စင်္ကြံသစ် (New Western Land-Sea Corridor) တို့ကို အပြန်အလှန် ချိတ်ဆက်ပေးသည့် ပင်မစီမံကိန်းတစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုမျှသာမကဘဲ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး လည်ပတ်စီးဆင်းမှုကိုပါ ချောမွေ့စေသည့် ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံတစ်ခုလည်း ဖြစ်ပါသည်။
ပြည်တွင်းအတွက်မူ အနောက်တောင်ပိုင်း အတွင်းပိုင်းဒေသအား ခိုင်မာသော ရေကြောင်းထောက်ပံ့မှု ပေးအပ်ထားပြီး၊ ပြည်ပအတွက်မူ တရုတ်နှင့် အာဆီယံအကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ရေကြောင်းတံတားကို တည်ဆောက်ပေးကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ကူညီပေးလျက်ရှိပါသည်။
ဤသည်မှာ ပြည်ပမီဒီယာများ၏ မြင့်မားသော အာရုံစိုက်မှုကိုလည်း ရရှိခဲ့ပြီး ဗီယက်နမ်၏ Da Nang သတင်းစာက ဖင်းလုတူးမြောင်းသည် ဒေသတွင်း ကုန်သွယ်ရေးစနစ်တွင် ကွင်းဆက်သစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ရှိသော နယ်စပ်ဖြတ်ကျော် ကုန်စည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တရုတ်နှင့် အာဆီယံတို့အား ပိုမိုနီးကပ်စွာ ချိတ်ဆက်မိစေရန် ကူညီပေးလိမ့်မည်ဟု သုံးသပ်ဖော်ပြခဲ့ပါသည်။
စင်ကာပူနိုင်ငံ၏ The Straits Times သတင်းစာကမူ ဖင်းလုတူးမြောင်း ဖွင့်လှစ်လိုက်ခြင်းသည် အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး တဟုန်ထိုး တိုးတက်နေချိန်နှင့် တိုက်ဆိုင်နေပြီး အရှေ့တောင်အာရှနှင့် တရုတ်အကြား ကုန်သွယ်ရေးကို အရှိန်အဟုန်သစ်များ ရရှိစေမည်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့ပါသည်။
သမိုင်းကို ပြန်လည်ကြည့်ရှုပါက ချင်းမင်းဆက်ခေတ် လင်ချွင် (Lingqu) တူးမြောင်းမှသည် လင်နန် (Lingnan) ရေကြောင်းလမ်းကို ဖွင့်လှစ်ခဲ့ခြင်းမှစ၍ ယွမ်၊ မင်၊ ချင်း မင်းဆက်များအထိ ရေကြောင်းတူးမြောင်းကြီးများ တည်ဆောက်ခဲ့ခြင်းများစသည့် သမိုင်းဝင် တူးမြောင်း စီမံကိန်းကြီးများသည် နိုင်ငံ၏ ထိပ်တန်းမဟာဗျူဟာများနှင့် နီးကပ်စွာ ဆက်စပ်နေပြီး နယ်မြေတည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့အတွက် ခိုင်မာသော အုတ်မြစ်ကို ချမှတ်ပေးခဲ့ပါသည်။
ဖင်းလုတူးမြောင်း ရေကြောင်းဖွင့်လှစ်မှုနှင့်အတူ တောင်နှင့်မြောက်ကို ဖြတ်သန်းကာ မြစ်နှင့်ပင်လယ်ကို ချိတ်ဆက်ပေးသည့် စက်မှုစင်္ကြံသည် ကွမ်ရှီးတွင် အရှိန်အဟုန်ဖြင့် ပုံပေါ်လာတော့မည် ဖြစ်ပါသည်။
ဤမြစ်ကြီးသည် ကုန်ပစ္စည်း စီးဆင်းမှုကိုသာမက တရုတ်စီးပွားရေး၏ ပွင့်လင်းမြင်သာမှု အခင်းအကျင်း၏ နက်ရှိုင်းမှုကိုပါ ပြောင်းလဲပေးမည် ဖြစ်ပါသည်။
သတင်းအရင်းအမြစ် : San Li He






