ယနေ့ခေတ်၌ ပြည်ပသို့ မော်တော်ကား တင်ပို့ရောင်းချရာတွင် ကားထုတ်လုပ်နိုင်စွမ်း တစ်ခုတည်းသာ မကဘဲ ပင်လယ်ရေကြောင်း ပို့ဆောင်နိုင်စွမ်းပါ ပြိုင်ဆိုင်နေရပြီဖြစ်ပါသည်။
စွမ်းအင်သစ်သုံး (လျှပ်စစ်) ကားများ ပြည်ပသို့ အရှိန်အဟုန်မပျက် တင်ပို့နေရချိန်တွင် ကားထုတ်လုပ်သူများအနေဖြင့် “ကားတင်ပို့မည့် သင်္ဘော မလုံလောက်ခြင်း” ဆိုသည့် လက်တွေ့ကျသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။
တရုတ်မော်တော်ကား စက်မှုလုပ်ငန်းအသင်း၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် နှစ်ဝက်အတွင်း တရုတ်နိုင်ငံမှ ကားတင်ပို့မှုမှာ ၅ ဒသမ ၀၉၆ သန်းအထိ ရှိခဲ့ပြီး မနှစ်ကထက် ၆၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။
လုပ်ငန်းရှင်များ၏ ခန့်မှန်းချက်အရ ၂၀၂၆ တစ်နှစ်လုံးတွင် တရုတ်နိုင်ငံ၏ မော်တော်ကား တင်ပို့မှုသည် ၁၀ သန်း အထိ စံချိန်တင် ရောက်ရှိလာနိုင်သည်ဟု ဆိုပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်က တရုတ်နိုင်ငံ၏ တစ်နှစ်လုံး ကားတင်ပို့မှုမှာ ၁ သန်းဝန်းကျင်သာ ရှိခဲ့ရာ နှစ်အနည်းငယ်အတွင်း တင်ပို့မှု ပမာဏမှာ ၁၀ ဆနီးပါး မြင့်တက်လာခဲ့ခြင်း ဖြစ်ပါသည်။
ကားများ အရောင်းသွက်နေသော်လည်း “မည်သို့ ပို့ဆောင်မည်နည်း” ဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်လာပါသည်။ Wall Street Journal ၏ လတ်တလော အစီရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံ၏ ကားတင်ပို့မှု လိုအပ်ချက်ကြောင့် ကားများကို သမုဒ္ဒရာဖြတ်၍ သယ်ယူပေးသည့် အထူးပြု Ro-Ro သင်္ဘော (Roll-on/Roll-off ship) ဝန်ဆောင်မှုမှာ ပိုမို ပြတ်လပ်လာကြောင်းနှင့် သင်္ဘောအချို့၏ ကုန်တင်နေရာများကို နှစ်အတော်ကြာ ကြိုတင် Booking ယူထားကြရကြောင်း ဖော်ပြထားပြီး ၂၀၂၆ ခုနှစ်တွင် ယင်း Ro-Ro သင်္ဘောများ၏ ငှားရမ်းခမှာ ၆၅ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့ပါသည်။
ကုန်တင်နေရာ မည်မျှအထိ ရှားပါးနေသနည်းဆိုလျှင် အချို့ သင်္ဘောလိုင်း ကုမ္ပဏီများသည် ပို့ဆောင်နိုင်စွမ်း မပြတ်တောက်စေရန် သက်တမ်း နှစ် ၂၀ ရှိပြီဖြစ်သော သင်္ဘောဟောင်းများကိုပင် ငွေကုန်ကြေးကျခံကာ ကြိုတင်စာချုပ်ချုပ်ထားကြပြီး အချို့ ကားကုမ္ပဏီများမှာမူ ကုန်တင်နေရာကို မစောင့်နိုင်တော့သဖြင့် ပို့ဆောင်ခ စရိတ်ပိုကြီးသည့် ကွန်တိန်နာများထဲသို့ ကားများကို ထည့်သွင်းကာ ပြည်ပသို့ တင်ပို့နေကြရပါသည်။
ကမ္ဘာ့ဈေးကွက် သုတေသနအဖွဲ့အစည်းဖြစ်သည့် “Business Research Insights” ၏ သြဂုတ်လ ထုတ်ပြန်ချက်အရ ကမ္ဘာ့ မော်တော်ကား တင်ပို့သည့် Ro-Ro သင်္ဘော ရေကြောင်းဈေးကွက်၏ ၂၀၂၆ ခုနှစ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၃ ဘီလီယံခန့် ရှိပြီး ၂၀၃၅ ခုနှစ်တွင် ၂၄ ဒသမ ၄၁ ဘီလီယံအထိ ရောက်ရှိမည်ဟု မျှော်မှန်းထားကာ တရုတ်နှင့် အာရှမှ လိုအပ်ချက်များသည် အဓိက မောင်းနှင်အား ဖြစ်လာမည်ဖြစ်ပါသည်။
မော်တော်ကားများကို ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အဘယ်ကြောင့် ခက်ခဲနေရသနည်းဆိုလျှင် ယခင်ကတည်းက မော်တော်ကား ပင်လယ်ရေကြောင်း ပို့ဆောင်ရေးသည် အထူးပြု Ro-Ro သင်္ဘောများအပေါ် အလွန်အမင်း အမှီပြုထားရသော်လည်း ကမ္ဘာ့သင်္ဘော စုစုပေါင်းတွင် ယင်း Ro-Ro သင်္ဘောများ ပါဝင်သည့် ရာခိုင်နှုန်းမှာ မူလကတည်းက နည်းပါးလှပါသည်။ ထို့အပြင် လွန်ခဲ့သော ကာလများက မော်တော်ကား ရေကြောင်းပို့ဆောင်ရေး ဈေးကွက်ကို ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများက အဓိက စိုးမိုးထားခဲ့ကြပါသည်။
တရားဝင် အစီရင်ခံစာများအရ ကမ္ဘာ့ မော်တော်ကားနှင့် ကုန်တင်ကား တင်ပို့သည့် သင်္ဘောပိုင်ရှင် နိုင်ငံများ စာရင်းတွင် ဂျပန်၊ နော်ဝေနှင့် တောင်ကိုရီးယား နိုင်ငံတို့က ကမ္ဘာ့ဈေးကွက်၏ ၆၀ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားကြပါသည်။ ယင်းအနက် ဂျပန်နိုင်ငံသည် ကားတင် Ro-Ro သင်္ဘော စုစုပေါင်း အစင်း ၃၀၀ ကျော် ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် Ro-Ro သင်္ဘော တင်ပို့နိုင်စွမ်း အများဆုံး နိုင်ငံဖြစ်ပါသည်။
ရေရှည် သဘောတူစာချုပ်ဖြင့် ကုန်တင်နေရာ အများစုကို Toyota နှင့် Volkswagen စသည့် ဝယ်သူများက ကြိုတင် ရယူထားကြရာ တရုတ် ကားကုမ္ပဏီများသည် ကြားထဲမှ ပေါ်လာသည့် “စိန်ခေါ်သူ” များဖြစ်သဖြင့် ကျန်ရှိသော ကုန်တင်နေရာ အပိုင်းအစများကိုသာ လုယူနေရပြီး ပင်မ စီမံခန့်ခွဲခွင့်ကို မရရှိခဲ့ကြပေ။ ထို့ကြောင့် ပို့ဆောင်ရေး စွမ်းအားကို မိမိတို့ လက်ဝယ်တွင် ရောက်ရှိအောင် ဆောင်ရွက်ခြင်းသည် တရုတ် စွမ်းအင်သစ်သုံး ကားများ ပြည်ပသို့ တင်ပို့ရာတွင် မဖြစ်မနေ ဖြေရှင်းရမည့် ပြဿနာ ဖြစ်လာခဲ့ပါသည်။
သို့သော် သင်္ဘော တည်ဆောက်ရေးပိုင်းသည် တရုတ်နိုင်ငံအတွက် မခက်ခဲသော ကိစ္စဖြစ်ပြီး တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်း ဈေးကွက်ဝေစုသည် ၁၀ နှစ်ဆက်တိုက် ကမ္ဘာ့ ပထမနေရာတွင် ရပ်တည်နေခဲ့ကာ ခိုင်မာသော နည်းပညာအခြေခံနှင့် ပြည့်စုံသော ထုတ်လုပ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ တရုတ် ပြည်တွင်း ကားကုမ္ပဏီများနှင့် သင်္ဘော တည်ဆောက်ရေး လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း ပင်ကိုယ် အားသာချက်များ ရှိနေပါသည်။
ပြင်သစ် ရေကြောင်းဒေတာ အဖွဲ့အစည်းဖြစ်သည့် AXSMarine ၏ စာရင်းဇယားများအရ ၂၀၂၃ မှ ၂၀၂၈ ခုနှစ်အထိ ကမ္ဘာအနှံ့ လွှဲပြောင်းပေးအပ်ပြီး သို့မဟုတ် လွှဲပြောင်းပေးရန် လျာထားသည့် မော်တော်ကားတင် သင်္ဘော ၂၇၆ စင်းအနက် ၂၁၉ စင်း (၇၉ ဒသမ ၄ ရာခိုင်နှုန်း) ကို တရုတ် သင်္ဘောကျင်းများက တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပါသည်။
လွန်ခဲ့သည့် နှစ်များအတွင်း ပို့ဆောင်ရေး အခက်အခဲကြုံတွေ့ခဲ့ရသော ကားကုမ္ပဏီများစွာသည် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လာကြပြီး ယင်းအနက် ပြည်တွင်း မော်တော်ကား ထုတ်လုပ်သူ အချို့သည် ပို့ဆောင်ရေး စွမ်းအားကို အထောက်အကူပြုနိုင်ရန် “ကိုယ်ပိုင် ရေယာဉ်စု တည်ဆောက်ခြင်းနှင့် ရေရှည်ငှားရမ်းခြင်းကို ယှဉ်တွဲဆောင်ရွက်သည့်” နည်းဗျူဟာကို ကျင့်သုံးလာကြပါသည်။
ဥပမာအားဖြင့် BYD သည် ကိုယ်ပိုင် Ro-Ro သင်္ဘော ၈ စင်းဖြင့် လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သလို Chery မှ ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ကားတင် Ro-Ro သင်္ဘော ၃ စင်းလည်း ရေကြောင်းပို့ဆောင်ရေးတွင် စတင်လည်ပတ်နေပြီဖြစ်ပါသည်။ Geely မော်တော်ကား လက်အောက်ရှိ Jispeed Logistics ၏ ကိုယ်ပိုင် ကားတင် Ro-Ro သင်္ဘော ၂ စင်း ရှိထားပြီးဖြစ်ကာ ယခုနှစ် ဧပြီလတွင် SAIC Anji Logistics ၏ ၄၂ စင်းမြောက် ကိုယ်ပိုင် Ro-Ro သင်္ဘောဖြစ်သည့် ကားအစီးရေ ၉,၅၀၀ ဆံ့ “Anji Jisheng” ရေယာဉ်ကိုလည်း လွှဲပြောင်းလက်ခံရရှိခဲ့ပါသည်။
ဒါဟာ “သင်္ဘော အနည်းငယ် ထပ်မံဝယ်လိုက်ရုံ” မျှသာ မဟုတ်ပါ။ Ro-Ro သင်္ဘောငှားရမ်းခနှုန်းထားတွေ ထိုးတက်နေပြီး ကုန်တင်နေရာ ရရှိရန် ခက်ခဲနေသည့် အခြေအနေတွင် ကိုယ်ပိုင် ရေယာဉ်စု ရှိထားခြင်းသည် ကားကုမ္ပဏီများအတွက် ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ပြည်တွင်း၌ပင် စီမံနိုင်စေပြီး ပြင်ပ ရေကြောင်း ပို့ဆောင်စရိတ် အတက်အကျ ဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချကာ ပြည်ပရှိ အရောင်းဆိုင်များသို့ ကုန်ပစ္စည်း ပြတ်လပ်မှုမရှိအောင် အာမခံချက် ပေးနိုင်ခြင်း ဖြစ်ပါသည်။
ဤအရာ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ မော်တော်ကား တင်ပို့မှု ပြိုင်ဆိုင်မှုသည် ထုတ်ကုန် အရည်အသွေး ပြိုင်ဆိုင်မှုမှတစ်ဆင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက် (Supply Chain) ကို ထိန်းချုပ်နိုင်စွမ်း ပြိုင်ဆိုင်မှုသို့ ကူးပြောင်းလာနေခြင်းပင် ဖြစ်ပါသည်။
တရုတ် ကားကုမ္ပဏီများ၏ အမှတ်တံဆိပ် တပ်ဆင်ထားသော Ro-Ro သင်္ဘောကြီးများ သမုဒ္ဒရာကို ဖြတ်သန်း မောင်းနှင်နေချိန်တွင် ၎င်းတို့ သယ်ဆောင်သွားသည်မှာ အသစ်စက်စက် လျှပ်စစ်ကား သောင်းပေါင်းများစွာ သာမကဘဲ ထုတ်လုပ်မှု နည်းပညာ မြင့်မားသည့် ကမ္ဘာ့ စက်မှုနိုင်ငံကြီးတစ်ခုအနေဖြင့် ထုတ်လုပ်မှုကွင်းဆက်၏ အဆင့်မြင့်ဆုံးသို့ တက်လှမ်းရန် ရည်မှန်းချက်လဲ ဖြစ်ပါသည်။ “မိမိတို့ ကားများကို မိမိတို့ သင်္ဘောဖြင့် ကိုယ်တိုင် တင်ပို့သည့်” ခေတ်သစ်သို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
သတင်းအရင်းအမြစ် : San Li He






