“၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ကာလသည် တရုတ်နိုင်ငံအတွက် ကုန်ထုတ်စွမ်းအားသစ်များ (New Quality Productive Forces) စတင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သော့ချက်ကျသော အစပျိုးကာလဖြစ်ပါသည်။ လက်ရှိတွင် ဒေသအသီးသီး၌ တီထွင်ဆန်းသစ်မှုနှင့် စီမံကိန်းအသစ်များ လုပ်ဆောင်ရန် စိတ်အားထက်သန်မှုများ မြင့်မားနေပြီး အနာဂတ်စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်မှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါသည်။ သို့သော်လည်း အချို့ဒေသများ၏ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်မှုများတွင် အယူအဆလွဲမှားမှုများရှိနေပြီး မိမိတို့ဒေသ၏ ပကတိအခြေအနေနှင့် ကင်းကွာကာ ခေတ်ရေစီးကြောင်းအတိုင်း ပုံစံတူ လိုက်လံလုပ်ဆောင်နေကြသဖြင့် နေရာတိုင်း အပြိုင်အဆိုင် အကောင်အထည်ဖော်ခြင်းကြောင့် စီမံကိန်းများ ထပ်မံအတုယူ ဆောက်လုပ်မှုများ ဖြစ်ပေါ်နေပြီး အမှန်တကယ် ပြဿနာများစွာကို ဆောင်ကြဉ်းပေးနေပါသည်။ ထိုဖြစ်စဉ်ကို အထူးဂရုပြု သတိထားရန် လိုအပ်ပြီး ဒေသအသီးသီးမှ ဖွံ့ဖြိုးတိုးတက်ရေး အယူအဆများကို မှန်ကန်စွာ ပုံဖော်ကာ မိမိဒေသနှင့် ကိုက်ညီမည့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် လမ်းညွှန်ပေးရမည် ဖြစ်ပါသည်။
“ဆန်းသစ်မှု“ ကို အလွန်အမင်း လိုက်လံလုပ်ဆောင်ရာမှ လွဲမှားသော အလားအလာများ ထွက်ပေါ်လာ
မကြာသေးမီက First Financial City Research Institute မှ မြို့ပေါင်း ၂၉၁ မြို့၏ “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ဆိုင်ရာ လေ့လာဆန်းစစ်ချက် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ထိုအစီရင်ခံစာအရ ဒေသအသီးသီးသည် ခေတ်စားနေသော စက်မှုလုပ်ငန်းများကို စီမံကိန်းများတွင် ထည့်သွင်းထားကြရာ မြို့ပေါင်း ၂၅၇ မြို့က အနိမ့်ပိုင်း ဝေဟင်စီးပွားရေး (Low-altitude economy)၊ ၂၁၇ မြို့က အဆင့်မြင့် စက်ကိရိယာ ထုတ်လုပ်ရေး၊ ၂၀၁ မြို့က ဇီဝဆေးဝါးထုတ်လုပ်ရေးနှင့် ၁၄၇ မြို့က ဟိုက်ဒရိုဂျင်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများကို အသီးသီး ထည့်သွင်းထားကြသည်။ ယင်းသည် ဒေသဆိုင်ရာ အစိုးရများက စက်မှုလုပ်ငန်းသစ်များနှင့် အနာဂတ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်စိတ်အားထက်သန်ကြပြီး ဦးတည်ချက်များ တူညီကြသဖြင့် ရွေးချယ်သည့် လမ်းကြောင်းသစ်များ လွန်စွာထပ်နေသည်ကို ပြသနေပါသည်။ “ဆန်းသစ်မှုကို လိုက်လံလုပ်ဆောင်ခြင်း” သည် မကောင်းသည့်အရာ မဟုတ်ဘဲ ဒေသ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ကြိုးပမ်းမှုကို ပြသနေသော်လည်း အားလုံးက ပုံစံတူ လိုက်လုပ်နေကြပါက ပုံစံတူ စက်မှုလုပ်ငန်းများ ထပ်မံဆောက်လုပ်မိခြင်းနှင့် မသမာသော ယှဉ်ပြိုင်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
လက်တွေ့မြေပြင် အခြေအနေတွင်မူ အချို့ဒေသများ၏ စက်မှုစီမံကိန်းများနှင့် မိမိတို့ဒေသ၏ အခြေခံအခြေအနေများ လုံးဝကင်းကွာနေသည်ကို တွေ့ရပါသည်။ မြို့ငယ် အများစု၏ စီးပွားရေး၊ အခွန်နှင့် အလုပ်အကိုင် အခြေခံများသည် ရိုးရာထုတ်လုပ်မှု၊ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန် ပြုပြင်မွမ်းမံမှုနှင့် သဘာဝအရင်းအမြစ် အခြေပြု စက်မှုလုပ်ငန်းများအပေါ်တွင်သာ မှီခိုနေရဆဲဖြစ်ပါသည်။ ဒေသတွင်း သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ အလုံအလောက်မရှိခြင်း၊ နည်းပညာအဓိက ထောက်ပံ့နိုင်မှုမရှိခြင်း၊ စက်မှုကွင်းဆက်များ မပြည့်စုံခြင်းနှင့် လက်တွေ့အသုံးပြု စမ်းသပ်နိုင်သည့် အခြေအနေများ မရှိဘဲ အဆင့်မြင့် နည်းပညာ စီမံကိန်းများကို ရမ်းသန်းလိုက်လံလုပ်ဆောင်ခဲ့၍ သင်ခန်းစာများစွာ ရရှိခဲ့ပြီးဖြစ်ပါသည်။ သာဓကအားဖြင့် အချို့ဒေသများတွင် စက်မှုဇုန်များ ကြိုတင်ဆောက်လုပ်ပြီး မြေနေရာများ ပြင်ဆင်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှု ရရှိအောင် မလုပ်ဆောင်နိုင်သဖြင့် စက်ရုံများ ပစ်ထားရခြင်း၊ အချို့မှာ အစိုးရ၏ ထောက်ပံ့ကြေးနှင့် သက်သာသော မြေဈေးနှုန်းများကို အသုံးပြု၍ စီမံကိန်းများကို ရယူခဲ့သော်လည်း ကုမ္ပဏီများသည် မူဝါဒ အကျိုးခံစားခွင့်များအပေါ် လွန်စွာမှီခိုနေရသဖြင့် ထောက်ပံ့ကြေး ကုန်သွားချိန်တွင် ဆက်လက် ရပ်တည်နိုင်ခြင်းမရှိဘဲ ဒေသတွင်း ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး ဖြစ်လာခြင်း၊ အချို့မှာ စာချုပ်ချုပ်ဆိုခြင်းနှင့် ပြခန်းများ၌ ပြသခြင်းကဲ့သို့ ရလဒ်များကိုသာ အဓိကထားပြီး ဖွံ့ဖြိုးပြီးဒေသများ၏ စက်မှုလုပ်ငန်းစဉ်များကို ကူးယူခဲ့သဖြင့် ဟန်ပြသာဖြစ်ပြီး လက်တွေ့တွင် စက်မှုကွင်းဆက်နှင့် ထိရောက်သော ကုန်ထုတ်လုပ်မှုများမရှိခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုသို့ဖြစ်ပွားရခြင်းမှာ ပထမအချက်အနေဖြင့် အယူအဆပိုင်းဆိုင်ရာ လွဲမှားမှုများကြောင့် ဖြစ်ပါသည်။ ဒေသအများအပြားသည် ကုန်ထုတ်စွမ်းအားသစ်၏ ပြည့်စုံသော အဓိပ္ပာယ်ကို ထိရောက်စွာ နားမလည်ဘဲ ကဏ္ဍသစ်နှင့် အနာဂတ်စက်မှုလုပ်ငန်းများကိုသာ ကုန်ထုတ်စွမ်းအားသစ်ဟု ထင်မှတ်ကာ ရိုးရာစက်မှုလုပ်ငန်းများ၏ အဆင့်မြှင့်တင်မှု တန်ဖိုးကို လျစ်လျူရှုခဲ့ကြပါသည်။ ထို့ပြင် စီမံကိန်းရေးဆွဲမှုများတွင် ပါရှိသည့် စက်မှုလုပ်ငန်းများကို လွယ်ကူစွာ အောင်မြင်နိုင်သည့် ရလဒ်များအဖြစ် ထင်မှတ်ကာ အဆင့်မြင့်စက်မှုလုပ်ငန်းများ၏ နည်းပညာအကူးအပြောင်း အန္တရာယ်၊ ဈေးကွက်ပျိုးထောင်ရမည့် ကာလတို့ကို လျှော့တွက်ခဲ့ကြပါသည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှ စက်မှုလုပ်ငန်းများကို ဖန်တီးနိုင်စွမ်းကို လွန်စွာအကဲဖြတ်ခဲ့ကြပြီး အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းများကို ဒေသအလိုက် သင့်တော်အောင် မပြုပြင်ဘဲ တာဝန်တစ်ရပ်အဖြစ် တိုက်ရိုက် ပြောင်းလဲလိုက်သဖြင့် ဒေသအလိုက် တာဝန်ခွဲဝေမှု မရှိတော့ဘဲ စီမံကိန်းအချို့မှာ အရည်အသွေးမမီသော စီမံကိန်းများ အဖြစ်သို့ ရောက်ရှိသွားခဲ့ပါသည်။
အကြောင်းအရင်း အနှစ်ချုပ်ကို ကြည့်ပါက အခြေခံအကြောင်းရင်းမှာ ရာထူးတာဝန် စွမ်းဆောင်ရည်အပေါ် အမြင်လွဲမှားမှုကြောင့် ဖြစ်ပါသည်။ အရာရှိအချို့သည် နည်းပညာမြင့် စီမံကိန်းများမှတစ်ဆင့် အောင်မြင်မှုများကို မြန်မြန်ဆန်ဆန် ပြသနိုင်ရန် မြင်သာထင်သာရှိပြီး ကြော်ငြာရလဒ် ကောင်းမွန်သည့် ပေါ်လွင်သော စီမံကိန်းများကိုသာ ဦးစားပေးလုပ်ဆောင်ကြကာ ရိုးရာစက်မှုလုပ်ငန်းများကို ပြုပြင်အဆင့်မြှင့်တင်ခြင်းကိုမူ အချိန်ယူရပြီး ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအဖြစ် ရှုမြင်ကြကာ အခြေခံကျသော အလုပ်များတွင် ရေရှည် ကြိုးပမ်းအားထုတ်မှုများ ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြပါသည်။
လုပ်ဆောင်မှုများတွင် အစိုးရနှင့် ဈေးကွက်၏ နယ်နိမိတ်ကို တိကျစွာ မပိုင်းခြားနိုင်ဘဲ ဘဏ္ဍာရေးနှင့် မြေယာအရင်းအမြစ်များကို အသုံးပြု၍ စက်မှုလုပ်ငန်းများကို တိုက်ရိုက် “ဖန်တီး” ရန် ကြိုးပမ်းကြပြီး ဈေးကွက်၏ အပြိုင်အဆိုင် ရွေးချယ်မှုကို အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များဖြင့် အစားထိုးခဲ့ကြသည်။ ထို့အပြင် မြေပြင်အခြေအနေကို သေချာမဆန်းစစ်ဘဲ အပေါ်ယံပြုလုပ်သည့် အကြိုအကဲဖြတ်မှုများ၊ အန္တရာယ် စီမံခန့်ခွဲမှု မလုံလောက်မှုများနှင့် စွမ်းဆောင်ရည် စိစစ်ကန့်သတ်ချက် အားနည်းမှုများကြောင့် စီမံကိန်းများကို မျက်စိစုံမှိတ် လုပ်ဆောင်ရန် အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့ပါသည်။
ကုန်ထုတ်စွမ်းအားသစ် ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းအင်ဟောင်းနှင့် စွမ်းအင်သစ် ကူးပြောင်းမှု နိယာမကို မှန်ကန်စွာ နားလည်သဘောပေါက်ရန်လို
စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော နိယာမများရှိပြီး စက်မှုလုပ်ငန်းတစ်ခုသည် နည်းပညာ သုတေသနမှသည် စီးပွားဖြစ် အကောင်အထည်ဖော်မှု၊ ထိုမှတစ်ဆင့် ရင့်ကျက်သော စက်မှုဇုန်အဖြစ်သို့ ရောက်ရှိရန်အတွက် နည်းပညာစိစစ်ခြင်း၊ စံပြအသုံးပြုခြင်း၊ အထောက်အကူပြုစနစ်များ ပြည့်စုံစေခြင်းနှင့် စက်မှုလုပ်ငန်း ချဲ့ထွင်ခြင်း စသည့် ဖြစ်စဉ်အပြည့်အဝကို ဖြတ်သန်းရပါသည်။ ထိုအရာသည် ရေရှည် ဈေးကွက်ပြောင်းလဲမှု၏ ရလဒ်ဖြစ်ပြီး စီမံကိန်းများနှင့် ပေါ်လစီများဖြင့်သာ ကူးယူ၍ မရနိုင်ပါ။ အဆင့်မြင့် စက်မှုလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဆိုသည်မှာ နည်းပညာ ရရှိနိုင်မှု၊ စက်မှုကွင်းဆက် ထောက်ပံ့နိုင်မှု၊ ကျွမ်းကျင်သူ အင်အား၊ လက်တွေ့အသုံးပြုနိုင်သည့် အခြေအနေများ စသည့် ပကတိ အခြေအနေများ ရှိမရှိအပေါ် မူတည်ပါသည်။ အထူးသဖြင့် လက်ရှိ အနာဂတ်စက်မှုလုပ်ငန်းများစွာသည် နည်းပညာလမ်းကြောင်း ပုံစံမကျသေးဘဲ ဈေးကွက်လိုအပ်ချက်ကို ပျိုးထောင်နေရဆဲ ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု မြင့်မားပြီး စွန့်စားရမှုများသည့် သဘာဝရှိသဖြင့် တီထွင်ဆန်းသစ်မှု အင်အားစုများပြားသည့် ဒေသများတွင် စတင်စမ်းသပ်ရန် ပိုမိုသင့်တော်ပြီး အခြေအနေ မပြည့်စုံသည့် ဒေသများသို့ လွယ်ကူစွာ ရွှေ့ပြောင်းရန် မဖြစ်နိုင်ပါ။
လမ်းကြောင်းသစ်များ ဖော်ဆောင်ခြင်းသည် ပြဿနာမဟုတ်သော်လည်း သဘာဝနိယာမနှင့် အဆင့်လိုက် ဖြစ်စဉ်များကို လေးစားလိုက်နာရန် လိုအပ်ပါသည်။ “ဆန်းသစ်မှု” ကို ရှာဖွေရာတွင် ဆန်းသစ်မှုသက်သက်ကိုသာ မျက်စိမှိတ် လိုက်လုပ်ခြင်း မဖြစ်ရသကဲ့သို့ ဒေသအသီးသီးကလည်း အမျိုးအစား ခွဲခြားမှုမရှိဘဲ ခေတ်စားနေသည့် တက်သစ်စ ကဏ္ဍများကို အဆင်ခြင်မဲ့ လိုက်လံ ဖော်ဆောင်ခြင်း မပြုသင့်ပါ။ အကြောင်းမှာ အဆင့်မြင့် နည်းပညာများသည် မရေရာမှုများ ရှိနေသဖြင့် အများအပြား ရင်းနှီးမြှုပ်နှံပြီးမှ နည်းပညာလမ်းကြောင်း အကူးအပြောင်းနှင့် ကြုံတွေ့ပါက ထိရောက်မှုမရှိသည့် အရာများ ဖြစ်သွားနိုင်ပါသည်။ အခြားတစ်ဖက်တွင်လည်း အဆင့်မြင့် နည်းပညာရှင်များသည် ရှားပါးအရင်းအမြစ်များ ဖြစ်ကြသဖြင့် ဒေသအသီးသီးက ပုံစံတူ လုပ်ငန်းများကို နေရာတိုင်းတွင် အပြိုင်အဆိုင် လုပ်ဆောင်ကြပါက နည်းပညာရှင်များကို လုယူကြရမည်ဖြစ်ပြီး သီးသန့်ဖြစ်သော တီထွင်ဆန်းသစ်မှု အရင်းအမြစ်များကို ပြန့်လွင့်သွားစေကာ မည်သည့်နေရာတွင်မျှ အားမကောင်းသည့် ရလဒ်မျိုး ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ပြင် ဒေသအများအပြား၏ ဘဏ္ဍာရေး အခြေအနေမှာ ကန့်သတ်ချက်များ ရှိနေသဖြင့် အခြေအနေ မပြည့်စုံသေးသော စီမံကိန်းအသစ်များတွင် ဘဏ္ဍာငွေ အမြောက်အမြား မြှုပ်နှံပါက ရိုးရာစက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့် ပြည်သူ့ဘဝ အာမခံချက်ဆိုင်ရာ အရင်းအမြစ်များကို ဖိအားပေးရာရောက်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကို ယိမ်းယိုင်စေနိုင်ပါသည်။
ကုန်ထုတ်စွမ်းအားသစ် ဖွံ့ဖြိုးတိုးတက်စေရန် ရိုးရာစွမ်းအင် အကူးအပြောင်းကို စွမ်းအင်သစ် ပုံဖော်ခြင်းကဲ့သို့ပင် အရေးပါသော နေရာတွင် ထားရှိရပါမည်။ သမ္မတ ရှီကျင့်ဖိန် က “ကုန်ထုတ်စွမ်းအားသစ် ဖွံ့ဖြိုးတိုးတက်ရေးသည် ရိုးရာစက်မှုလုပ်ငန်းများကို လျစ်လျူရှုရန် သို့မဟုတ် စွန့်လွှတ်ရန် မဟုတ်ဘဲ အဟုန်လွန်ကဲခြင်း၊ ဖောင်းပွခြင်းများကို ကာကွယ်ရမည်ဖြစ်ပြီး ပုံစံတစ်မျိုးတည်းကိုလည်း မကျင့်သုံးသင့်ပါ” ဟု အလေးပေး ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ကြီးမားသော ရိုးရာစက်မှုစနစ်သည် ပကတိစီးပွားရေး၏ အခြေခံဖြစ်ပြီး ရိုးရာစက်မှုလုပ်ငန်းများသည် နောက်ကျကျန်ခဲ့သော ထုတ်လုပ်မှုစွမ်းအား မဟုတ်ဘဲ နောက်ကျကျန်ခဲ့သည်မှာ နည်းပညာနှင့် စက်ကိရိယာများသာ ဖြစ်ပါသည်။ ဒီဂျစ်တယ်စနစ်၊ ဉာဏ်ရည်တုစနစ်နှင့် စိမ်းလန်းသော ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီး စက်ကိရိယာ အသစ်လဲလှယ်ခြင်း၊ နည်းပညာ ပြုပြင်ခြင်းတို့ပြုလုပ်ပါက ရိုးရာစက်မှုလုပ်ငန်းများသည် နည်းပညာ၊ ထုတ်ကုန်နှင့် စီးပွားရေးပုံစံ အသစ်များကို ဖန်တီးပေးနိုင်ပြီး ကုန်ထုတ်စွမ်းအား အသစ်များကို အပြည့်အဝ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်။
တီထွင်ဆန်းသစ်မှု အရင်းအမြစ် နည်းပါးသော မြို့များအတွက်မူ လက်ရှိရှိပြီးသား ရိုးရာစက်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းသည် ကုန်ထုတ်စွမ်းအားသစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလက်တွေ့အကျဆုံး လမ်းကြောင်းဖြစ်ပါသည်။ စွမ်းအင်ဟောင်းနှင့် စွမ်းအင်သစ်သည် အစားထိုးသည့် ဆက်ဆံရေးမဟုတ်ဘဲ အတူတကွ ဖွံ့ဖြိုးတိုးတက်သည့် ဆက်ဆံရေးဖြစ်ပါသည်။ လမ်းကြောင်းသစ် ဖွံ့ဖြိုးရေးအတွက် ရိုးရာစက်မှုလုပ်ငန်းများ၏ လက်တွေ့အသုံးပြုနိုင်မှု အခြေအနေများ လိုအပ်ပြီး ရိုးရာစက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေးအတွက် နည်းပညာအသစ်များ၏ ကူညီပေးမှု လိုအပ်ပါသည်။ မိမိတို့ နှစ်ပေါင်းများစွာ စုဆောင်းထားသော စက်မှုအခြေခံကို စွန့်လွှတ်ကာ အသစ်မှစ၍ ရေစီးကြောင်းအတိုင်း လိုက်လံဆောင်ရွက်ပါက အားသာချက်ဟောင်းများ လျော့နည်းသွားပြီး အားသာချက်အသစ်များ မဖွံ့ဖြိုးနိုင်သည့် အခက်အခဲနှင့် ကြုံတွေ့ရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ရွေးချယ်မှုတွင် ပကတိအခြေအနေကို အမှန်အတိုင်း ရှုမြင်ပြီး အနာဂတ်အတွက် တာဝန်ယူရမည် ဖြစ်ပါသည်။
မှန်ကန်သော စွမ်းဆောင်ရည်အမြင်ဖြင့် ကွဲပြားသော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ခြင်း
“၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” စတင်ချိန်တွင် ဒေသအသီးသီး၏ လမ်းကြောင်းသစ်များ အပြိုင်အဆိုင် ဖော်ဆောင်မှု အရှိန်အဟုန်ကို ရင်ဆိုင်ရာ၌ ပကတိအခြေအနေအပေါ် အခြေခံ၍ စက်မှုဆိုင်ရာ နိယာမများကို လေးစားရပါမည်။ စွမ်းဆောင်ရည် လမ်းကြောင်းများကို တိကျစွာ ပြင်ဆင်ပြီး ဒေသအသီးသီး၏ အင်အားများကို မိမိတို့ ဒေသနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများပေါ်သို့ အဓိက အာရုံစိုက်ရန် လမ်းညွှန်ပေးရပါမည်။ ခေတ်ရေစီးကြောင်းအတိုင်း အများနောက်လိုက်၍ အလျင်စလို ဆောင်ရွက်ပြီး စွမ်းဆောင်ရည်ပြသလိုသည့် အတွေးအမြင်ကို စွန့်လွှတ်ကာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် အယူအဆ သစ်မသစ်ဆိုသည်ထက် အမှန်တကယ် ကုန်ထုတ်စွမ်းအား ဖြစ်မဖြစ်၊ အလုပ်အကိုင် တိုးတက်စေခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးနိုင်ခြင်း ရှိမရှိ ဆိုသည်ကို ကြည့်ရပါမည်။ ခေါင်းဆောင်များသည် “မြင်သာသော စွမ်းဆောင်ရည်” နှင့် “မမြင်သာသော အခြေခံစွမ်းဆောင်ရည်” တို့၏ ဆက်ဆံရေးကို မှန်ကန်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာ စီမံကိန်းများ၏ တန်ဖိုးကို မြင်ရမည်ဖြစ်သကဲ့သို့ ရိုးရာစက်မှုလုပ်ငန်းများ၏ အဆင့်မြှင့်တင်မှုသည်လည်း လက်တွေ့ကျသော စွမ်းဆောင်ရည်ဖြစ်ကြောင်း နားလည်ရပါမည်။ အရေးပါသည့် စက်မှုစီမံကိန်းများကို ရေးဆွဲရာတွင် စိတ်ကူးယဉ် ဆုံးဖြတ်ခြင်း မပြုရဘဲ အစောပိုင်း ဆန်းစစ်ချက်များကို အမှန်တကယ် လုပ်ဆောင်ရပါမည်။ စက်မှုကွင်းဆက် ထောက်ပံ့နိုင်မှု၊ လူသားအရင်းအမြစ် အခြေအနေ၊ လက်တွေ့အသုံးပြုနိုင်မှု အခြေအနေနှင့် ဘဏ္ဍာရေး ခံနိုင်ရည် စသည်တို့ကို အဓိက စိစစ်ချက်များအဖြစ် သတ်မှတ်ကာ ပြင်ပ ကျွမ်းကျင်သူများ၏ အကဲဖြတ်မှုကို ပါဝင်စေရပါမည်။ အစိုးရ၏ လုပ်ဆောင်ချက်နှင့် ဈေးကွက်၏ နယ်နိမိတ်ကို ရှင်းလင်းစွာ ပိုင်းခြားရမည်ဖြစ်ပြီး အစိုးရသည် စီးပွားရေး ပတ်ဝန်းကျင် ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ဆန်းသစ်တီထွင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့အား အဓိက ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဈေးကွက် အန္တရာယ်များကို တာဝန်ယူပေးသည့် အဖွဲ့အစည်းအဖြစ် မလုပ်ဆောင်ရဘဲ အစီအစဉ်မရှိသော ဘဏ္ဍာရေး ထောက်ပံ့ကြေးများဖြင့် စီမံကိန်းများ လုယူသည့် အတွင်းပိုင်း ယှဉ်ပြိုင်မှုများကို တားဆီးကာ ဈေးကွက်က စက်မှုလုပ်ငန်းများအပေါ် အမှန်တကယ် စိစစ်ခွင့် ပေးရမည်ဖြစ်ပါသည်။
ဒေသအသီးသီးသည် မိမိတို့၏ သဘာဝအရင်းအမြစ်များနှင့် အခြေခံအခြေအနေများကို အသေးစိတ် သုတေသနပြုရမည်ဖြစ်ပြီး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် မိမိတို့၏ ပင်မ လုပ်ငန်းဆောင်တာများမှ မတိမ်းစောင်းသင့်ပါ။ မြို့ပြဖွံ့ဖြိုးမှု အဓိကဒေသများသည် တီထွင်ဆန်းသစ်မှု အစိတ်အပိုင်းများကို သင့်တော်စွာ စုစည်းနိုင်ပြီး အဆင့်မြင့် ထုတ်လုပ်မှုနှင့် သိပ္ပံနည်းပညာ ပြောင်းလဲမှုများကို တာဝန်ယူနိုင်ပါသည်။ စိုက်ပျိုးရေး အဓိက ထုတ်လုပ်သည့် ဒေသများသည် စိုက်ပျိုးရေး အခြေခံကို အဓိကထား၍ ဒေသထုတ် စိုက်ပျိုးရေးဆိုင်ရာ စက်မှုကွင်းဆက်များကို ချဲ့ထွင်ရပါမည်။ အဓိက ဂေဟစနစ် ထိန်းသိမ်းရေး ဒေသများသည် ဂေဟစနစ် စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာရမည်ဖြစ်ပြီး စွမ်းအင်နှင့် မြေယာအမြောက်အမြား သုံးစွဲသည့် စက်မှုလုပ်ငန်းများကို တားဆီးကာ ဂေဟစနစ်နှင့် ကိုက်ညီသော စက်မှုလုပ်ငန်းများကို အဓိက ဖော်ဆောင်ရပါမည်။ မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု တည်နေရာကို တိကျစွာ ရှာဖွေရမည်ဖြစ်ပြီး လက်ရှိ အခြေအနေများနှင့် ကင်းကွာကာ အဆင့်မြင့် နည်းပညာများကို မဆင်မခြင် လိုက်လံ မလုပ်ဆောင်ဘဲ သဘာဝ အရင်းအမြစ် ပတ်ဝန်းကျင်နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အပြန်အလှန် ကိုက်ညီစေရန် ဆောင်ရွက်ရပါမည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟန်ချက်ညီညီ စီမံကိန်းရေးဆွဲမှုကို တိုးမြှင့်ရမည်ဖြစ်ပြီး အမျိုးသားအဆင့် စက်မှုလုပ်ငန်း စီမံကိန်းများ၏ လမ်းညွှန်မှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရပါမည်။ စိတ်ဝင်စားမှု မြင့်မားနေသော အနိမ့်ပိုင်း ဝေဟင်စီးပွားရေးနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်ကဲ့သို့ လမ်းကြောင်းများအတွက် မြို့ပြအစုအဝေးများနှင့် မြို့ကြီးပြကြီး ဒေသများ၏ ပူးပေါင်းဆောင်ရွက်မှုကို အသုံးချကာ ဒေသအလိုက် စက်မှုဇုန်များကို ပုံဖော်ပေးရမည် ဖြစ်ပြီး နေရာတိုင်း ကြုံရာကျပန်း လုပ်ဆောင်ခြင်းမျိုး မဖြစ်စေရပါ။ စက်မှုဇုန် ပတ်ဝန်းကျင်ရှိ ဒေသများကို မိမိတို့၏ အားသာချက်ရှိသော နယ်ပယ် ၁ ခုမှ ၂ ခုအပေါ် အာရုံစိုက် လုပ်ဆောင်စေရမည်ဖြစ်ပြီး စက်မှုကွင်းဆက် တစ်ခုလုံးကို ချဲ့ထွင်ရန် မလိုအပ်ဘဲ အချို့သော အစိတ်အပိုင်းများကိုသာ အထူးပြု ကျွမ်းကျင်အောင် လုပ်ဆောင်စေရပါမည်။ ကွဲပြားသော စိစစ်ရေးစနစ်များကို ပြည့်စုံစေရမည်ဖြစ်ပြီး တီထွင်ဆန်းသစ်မှု အဓိကဒေသများတွင် မူလ တီထွင်ဆန်းသစ်မှုများကို အဓိက စိစစ်ရပါမည်။ ထုတ်လုပ်မှု မြို့များတွင် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှုကို အဓိက စိစစ်ရမည်ဖြစ်ကာ မြို့နယ်အဆင့်များတွင်မူ အထူးပြု ပကတိစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက စိစစ်ရပါမည်။
ထိုသို့ စိစစ်ရေးစနစ်များကို ကောင်းစွာ အသုံးပြုခြင်းဖြင့် ဒေသအသီးသီး၏ မျက်စိစုံမှိတ်ကာ ဆန်းသစ်မှုနောက် လိုက်ပါဆောင်ရွက်မှုကို လျှော့ချပေးရပါမည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညီညွတ်ပေါင်းစည်းထားသော ဈေးကွက်ကြီး တည်ဆောက်ရေးတွင် တီထွင်ဆန်းသစ်မှု ရလဒ်များကို ဒေသများအကြား ကူးပြောင်းနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီး သုတေသနကို နည်းပညာမြင့် ဒေသများ၌ ပြုလုပ်ကာ အကောင်အထည်ဖော်မှုကို ကိုက်ညီသည့် ဒေသများ၌ ပြုလုပ်သည့် ပူးပေါင်းဆောင်ရွက်မှု ပုံစံကို တည်ဆောက်၍ အားသာချက်များ ပေါင်းစပ်ထားသော စက်မှုပုံစံကို ဖန်တီးရပါမည်။
ထိရောက်မှုမရှိသည့် မျက်စိစုံမှိတ် ရင်းနှီးမြှုပ်နှံမှုများအား ရှင်းလင်းသည့် လုပ်ငန်းရပ်ကို ဆောင်ရွက်ရန် အကြံပြုပြီး အဓိက စက်မှုလုပ်ငန်းသစ်များအတွက် ထုတ်လုပ်မှုစွမ်းအား စောင့်ကြည့်သတိပေးစနစ်ကို တည်ဆောက်ရမည်ဖြစ်ကာ စီမံကိန်း ရေးဆွဲထားသည့် ထုတ်လုပ်မှုစွမ်းအား၊ ဆောက်လုပ်ဆဲ စီမံကိန်းများနှင့် ဈေးကွက်လိုအပ်ချက် အပြောင်းအလဲများကို စောင့်ကြည့်ပြီး အန္တရာယ် သတိပေးချက်များကို အချိန်မီ ထုတ်ပြန်၍ စည်းကမ်းမဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ထိန်းချုပ်ရပါမည်။ အစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများနှင့် ဘဏ္ဍာရေး စက်မှုထောက်ပံ့ကြေးများ၏ ဦးတည်ချက်ကို စနစ်တကျ ပြုလုပ်ရမည်ဖြစ်ပြီး အခြေခံမရှိ၊ အနာဂတ်မရှိသော ခေတ်စားရုံသာရှိသည့် စီမံကိန်းများကို ဘဏ္ဍာငွေများ ဆက်လက် ပံ့ပိုးပေးခြင်း မပြုရပါ။
လက်ရှိ တည်ရှိနေသော စွမ်းဆောင်ရည် နိမ့်ကျသည့် ပလက်ဖောင်းများနှင့် ပစ်ပယ်ထားသည့် နည်းပညာဥယျာဉ် (Tech Parks) များကို ဒေသတွင်း အားသာချက်ရှိသော စက်မှုလုပ်ငန်းများ အသုံးချနိုင်ရန် အဆင့်အတန်း ပြန်လည်သတ်မှတ်ခြင်း သို့မဟုတ် လုပ်ငန်း ပုံစံပြောင်းလဲခြင်းတို့ ပြုလုပ်ရမည် ဖြစ်ပါသည်။ ထို့အပြင် ထောက်ပံ့ကြေးအပေါ် လွန်စွာမှီခိုနေပြီး ရပ်တည်နိုင်စွမ်းမရှိသော စီမံကိန်းများကို ဈေးကွက်စနစ်အတိုင်း ရှင်းလင်းထုတ်ပယ်၍ ဘဏ္ဍာငွေများ အလဟဿ ကုန်ဆုံးမှုကို လျှော့ချရပါမည်။ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ကို ပြည့်စုံစေရမည်ဖြစ်ပြီး မဆင်မခြင် ဆုံးဖြတ်ခဲ့သဖြင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရပါက စည်းကမ်းအတိုင်း တာဝန်ယူစေရေးကို အကောင်အထည်ဖော်ကာ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုကို အပြည့်အဝ အားကောင်းစေရမည် ဖြစ်ပါသည်။
(စာရေးသူ – Dong Yu ၊ Tsinghua တက္ကသိုလ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း သုတေသနကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ တရုတ် ပုဂ္ဂလိက စီးပွားရေး သုတေသနအသင်း၏ ဒုတိယဥက္ကဋ္ဌ)
သတင်းအရင်းအမြစ် : San Li He






