[latest_news_marquee]

အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လှပစိမ်းလန်းရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁,၀၀၀) ဖြင့် ဆောင်ရွက်မည်

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သာယာလှပစိမ်းလန်းစိုပြည်ရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁,၀၀၀) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရပါတယ်။

အင်းလေးကန်ဟာ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် အထင်ကရ ခရီးသွားဒေသတစ်ခုဖြစ်တာကြောင့်  အင်းလေးကန်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်တဲ့အတွက် ထိန်းသိမ်းရေးလုပ်ငန်းများကို စီမံကိန်းများအလိုက် နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

“ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေနဲ့ အင်းလေးကန်ထိန်းသိမ်းရေးအတွက် လုပ်ငန်းစဉ် ၈ ခုနဲ့ နှစ်စဉ်ဆောင်ရွက်လေ့ရှိပါတယ်။ အခု ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်မှာဆိုရင် အင်းလေးကန်ရေရှည်ထိန်းသိမ်းစောက်ရှောက်ရေးနဲ့ သာယာလှပစိမ်းလန်းစိုပြေရေးအတွက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ ခွင့်ပြုထားပါတယ်။ ရရှိရန်ပုံငွေနဲ့ လုပ်ငန်းငယ်ပေါင်း ၃၆ ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လျာထားပါတယ်” လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း အင်းလေးကန်ထိန်းသိမ်းရေးကို စီမံကိန်းများအလိုက် ရေစူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများ၊  နုန်းတမံများပြုပြင် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများ၊ အဓိကရေလမ်းကြောင်းတစ်လျှောက်တွင် နယ်နိမိတ်မှတ်တိုင်များ ပြုလုပ်ခြင်းလုပ်ငန်း၊ အင်းလေးကန် အတွင်းရှိ ရေမှော်ဗေဒါများ ရှင်းလင်းခြင်းလုပ်ငန်းများ၊ ကျွန်းမျောဒိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများနှင့် ကျန်အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

အင်းလေးကန်ဟာ မြန်မာနိုင်ငံ၏သဘာဝယဉ်ကျေးမှုအမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသတစ်ခုဖြစ်သလို အင်းလေးကန် ထိန်းသိမ်းရေးဆောင်ရွက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပါ တိုးတက်လာမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရပါတယ်။

Photo – MWD

Your Ad Here
Ad Size: 336x280 px

More News