ရပ်တန့်နေသော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်မြင့်ခိုင် က ပြောကြားခဲ့ပါတယ်။
ယနေ့ ဇူလိုင် ၃ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၃) ဦးမောင်စိန်၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဆောင်ရွက်မှု ရပ်တန့်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းချက်ကို ၎င်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်ခိုင်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ယခင် ရေးဆွဲခဲ့သည့် Italian – Thai Development (ITD) Master Plan ၊ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (NEDA) ရဲ့ Master Plan နှင့် Japan International Cooperation Agency (JICA) Development Studies Program တို့ကို အခြေခံ၍ လက်ရှိအခြေအနေအရ အသင့်တော်ဆုံးဖြစ်မည့် စီမံချက်ကို ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဆင့် ၃ ဆင့်ခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင် ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း နယ်နိမိတ် Port Limit သတ်မှတ်နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ အခြားလိုအပ်သောလုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး စီမံကိန်းအား ပြန်လည်ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက MoU ရေးထိုးပြီး စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်တွင် အဆိုပါ စီမံကိန်းနဲ့ စပ်လျဉ်းပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Italian – Thai Development (ITD)ကုမ္ပဏီ တို့အကြား ပူးပေါင်းသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြောင်း၊ စီမံကိန်းဟာ လုပ်ငန်းပမာဏကြီးပြီး ITD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးအခက်အခဲများနှင့် လုပ်ငန်းသဘောသဘာဝ မတူညီမှုများကြောင့် လုပ်ငန်းကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ITD တို့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် Termination Agreement ကို လက်မှတ်ရေးထိုး၍ စီမံကိန်းလုပ်ငန်းများကို ရပ်စဲခဲ့ရကြောင်းလည်း သိရပါတယ်။
ထို့သို့ ပထမအကြိမ်စီမံကိန်းကို ရပ်နားပြီး ၂၀၁၅ ခုနှစ်တွင် စီမံကိန်းအတွက် တင်ဒါပြန်လည်ခေါ်ယူရာမှာ နိုင်ငံတကာကုမ္ပဏီများမှ ယှဉ်ပြိုင်ခဲ့သော်လည်း ITD မှ ဆက်လက်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ITD အနေဖြင့် လုပ်ငန်းစာချုပ်များကို စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ရန် ပျက်ကွက်မှုများရှိလာခဲ့ကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ITD သို့ စီမံကိန်းရပ်ဆိုင်းကြောင်း Notice of Termination ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ပေးပို့ခဲ့ပြီး အများပြည်သူများ သိရှိနိုင်ရန် Public Announcement အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆောင်ရွက်ခဲ့မှုများ မှန်ကန်ကြောင်းကို ထားဝယ်မြို့တရားရုံး၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျမ်းကျိန်လွှာ မှတ်ပုံတင်အမှတ် (၄၆/ ၂၀၂၄) ဖြင့် ကျမ်းကျိန်ဆိုပြီး ITD နှင့် စီမံကိန်းကို ရပ်စဲခဲ့တယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဖြေကြားထားကြောင်း သိရပါတယ်။
ထို့နောက် ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းနှင့် အနီးပတ်ဝန်းကျင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့် စာလွှာ (Memorandum of Intent-MOI) ကို နေပြည်တော်၌ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်၏ မျက်နှာစုံညီ အစည်းအဝေးအပြီးတွင် နှစ်ဘက်လက်မှတ်ရေးထိုးခဲ့ပါကြောင်း အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဖြေကြားထားကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။
Photos – MOI






