ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ဇူလိုင် ၅ ရက်နေ့ ညပိုင်းက လေဆင်နှာမောင်းဝင်ရောက် တိုက်ခတ်မှုကြောင့် လူနေအိမ်၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများအပါအဝင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်မှုများနှင့် ဒေသခံများထံမှ သိရပါတယ်။
ဇူလိုင် ၅ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘွက်ကုန်းကျေးရွာအုပ်စု၊ ဘိုသိုးကျေးရွာတွင် လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး နေအိမ် အလုံး (၃၀) ခန့် ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ဥက္ကံနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရပါတယ်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးရှိ နတ်တလင်းမြို့နယ်၊ ကံသာယာကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီခွဲခန့်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ်အလုံး ၆၀ ကျော် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သာယာဝတီမြို့နယ်၊ ငဖြူကလေးကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အထကခွဲ ငဖြူကလေး စာသင်ကျောင်းဆောင် အမိုးလန်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာယာဝတီမြို့နယ်မီးသတ်စခန်း၊ ငဖြူကလေးနယ်မြေမီးသတ်စခန်း၊ သုံးဆယ်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရပါတယ်။
ထို့အတူ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပိန်းတောကြီးကျေးရွာကို လေဆင်နှာမောင်း ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့၍ လူနေအိမ် ၄၅ ဆောင် ထိခိုက်ပျက်စီးသွားကြောင်းနှင့် မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ကဒါမြို့သစ် အောက်ခြမ်း၌ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်သွားခြင်းကြောင့် လူနေအိမ် အဆောက်အဦး (၆၆) လုံးခန့်၊ ကဒါမြို့သစ် မြို့တော်ဦး ဘုန်းကြီးကျောင်း(၁)ကျောင်း စာသင်ကျောင်း(၂)ကျောင်း စိုက်ပျိုးရေးစခန်းတစ်ခု အမိုးလန်ပျက်စီးသွားခဲ့သလို သံဃာတော် ၂ ပါးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်နှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဇူလိုင် ၅ ရက်နေ့ ညပိုင်းခန့်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်အချို့တို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့်လည်း နေအိမ်အနည်းငယ်ပျက်စီးမှုများလည်းရှိခဲ့ကြောင်းနှင့် မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့ အကူအညီတောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
လက်ရှိမှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိသွားပြီး စစ်တွေမြို့မှ ရေမိုင် ၃၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသလို မုန်တိုင်းငယ်မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်းနှင့် မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း အပါအဝင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ၁၄ ပေအထိ မြင့်တက်နိုင်သော ရေလှိုင်းကြီးများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးသတိပြုကြရန် လိုအပ်ကြောင်း တိုက်တွန်းထားကြောင်းလည်း သိရပါတယ်။
Photos – MFSD






