ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်ရှိ သုံးခွ၊ ခရမ်းနှင့် ကျောက်တန်း မြို့နယ်တို့မှာ ဇူလိုင် ၅ ရက် ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ နေအိမ်များရှိ အိမ်ထောင်စု ၈၀ ကျော်ကို ငွေကျပ် ၈,၂၂၀,၀၀၀ နှင့် ထောက်ပံ့ပစ္စည်း ၁၆ မျိုးပါ ပုံး ၄၃ ပုံးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည် နေအိမ်များအတွက် ဇူလိုင် ၆ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးနေလင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ကွမ်းခြံကုန်းမြို့နယ်၊ မယ်ရကုန်းကျေးရွာအုပ်စု၊ တိုက်ကုန်းကျေးရွာတွင်လည်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဝါးခင်း၊ ထရံကာ အိမ်များနှင့် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ကာ အိမ် စုစုပေါင်း ၄ လုံး ပျက်စီးခဲ့ခြင်းတို့ကြောင့် ယင်းထဲမှ ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ် ၂ လုံးအတွက် တစ်အိမ်လျှင် ငွေကျပ် ၅ သောင်းစီနှင့် ပြိုကျပျက်စီးခဲ့သည့် အိမ် ၂ လုံးအတွက် တစ်အိမ်ကို ကျပ် ၁ သိန်းစီဖြင့် စုစုပေါင်းကျပ် ၃ သိန်းကို ကနဦးထောက်ပံ့ပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ် ကြက်ခြေနီအသင်းနှင့် ကျေးရွာနေ အလှူရှင်များမှ စုစုပေါင်း ငွေကျပ် ၁,၃၃၉,၂၀၀ တန်ဖိုးရှိ အစားအသောက်နှင့် ပစ္စည်းများအပြင် ငွေသား ၁၀ သိန်းတို့ကိုလည်း ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၅ ရက်နေ့ ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြိုနယ်အချို့တို့မှာ လေဆင်နှာမောင်း တိုက်ခက်မှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့်လည်း လူနေအိမ် ရာနဲ့ချီကာ ပျက်စီးမှုများလည်းရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရပါတယ်။
Photo – MOI






