ရထားစီးခရီးသည်များအနေဖြင့် ရထားပေါ်တွင် သန့်ရှင်းရေးနှင့် စည်းကမ်းကို အလေးထား လိုက်နာပေးကြရန် မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့မီးရထားအနေဖြင့် ခရီးသည်များ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာ စည်းကမ်းလိုက်နာခြင်း မရှိသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိကြောင်း ခရီးသည်များက မှတ်ချက်ပြုထားကြောင်း သိရပါတယ်။
ထို့ကြောင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက် မဖြစ်စေရန်နှင့် ရထားအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန်တို့အတွက် ရထားပေါ်တွင် ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက် တင်ခြင်း မပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်ရန် ထိုင်ခုံများကို စနစ်တကျ အသုံးပြုပေးရန်နှင့် ဆူညံသံဖြင့် အနှောင့်အယှက် မဖြစ်စေရန်အတွက် ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကားပြောဆိုခြင်းများကိုလည်း အခြားသူများ မထိခိုက်စေရေး ထိန်းသိမ်းပေးရန်၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ပေးရန် စသဖြင့် အသိပေးထားတာဖြစ်ကြောင်း သိရပါတယ်။
Photo – MOI






